NEJ | ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများသည် ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေအတိုင်း ခံစားခွင့်ရှိပြီး ထိုင်းနိုင်ငံ အတွင်း လွတ်လပ်စွာ သွားလာခွင့် ရှိသည်ဟု မြန်မာဘက်က ပြောသည်။
ယာယီနိုင်ငံကူးလက်မှတ်များကို ယခင်လ (၁၅) ရက်မှ စတင်ပြုလုပ်ပေးပြီး အဆိုပါလက်မှတ်ဖြင့် ထိုင်း တနိုင်ငံလုံးတွင် အလုပ်လုပ်ခွင့်နှင့် သွားလာခွင့် ရရှိမည် ဖြစ်ပြီး တရားဝင်ဗီဇာဖြင့် နေထိုင်ခွင့် (၂) နှစ်ရမည်ဟု မြန်မာဘက်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်တွင် ပါရှိသည်။
မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အတွက် ထိုင်းမှ ထုတ်ပေးသည့် အလုပ်လုပ်ခွင့် အလုပ်သမား လက်မှတ်သည် ရှေ့နှစ် ဖေဖော်ဝါရီလတွင် သက်တမ်းကုန်ဆုံးပါက ဆက်လက် သက်တမ်း တိုးပေးတော့မည် မဟုတ်ဘဲ အလုပ် ဆက်လုပ် လိုသူများသည် မြန်မာ နိုင်ငံတွင် ဗီဇာ လက်မှတ် ပြန်ယူရမည် ဖြစ်သည်။

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း တရားမ၀င်နေထိုင်သည့် ရွှေပြောင်း အလုပ်သမားများကို လိုက်လံ ဖမ်းဆီးပြီး နေရင်း နိုင်ငံများသို့ ပြန်ပို့မည်ဟု ထိုင်းဘက်မှ ကြေညာထားသည်။
မြန်မာဘက်မှ ထုတ်ပေး နေသည့် ယာယီနိုင်ငံကူး လက်မှတ် လုပ်ခြင်းဖြင့် ထိုင်းနိုင်ငံ တွင်းရောက် မြန်မာများ အလုပ်သမားများ အတွက် အာမခံချက် ရှိလာမည်ဟု မြန်မာ အလုပ်သမား အချို့က ပြောသည်။
ဘန်ကောက် အထည်ချုပ် စက်ရုံတခုမှ နော်အိုင်းရစ်က “ဒီ (၂) သက်တမ်း ဗီဇာရထားတော့ အရင်လို အပြင်ထွက်ရင် အဖမ်းခံရမဲ့ ပြဿနာမျိုး မရှိတော့ဘူး။ ထိုင်းတနိုင်ငံလုံးကို သွားခွင့်ရှိတော့ အရင်ကလို မဲဆောက်နဲ့ ဘန်ကောက်ကို ဘတ် (၁၅,၀၀၀) ပေးပြီးတော့ မရေရာတဲ့ ခရီးမျိုး သွားစရာလည်း မလိုတော့ဘူး ကိုယ့်လက်မှတ် ကိုယ်ကိုင်ပဲ။ အလုပ်ရှင်လည်း ကိုယ့်ကို အကျပ်ကိုင်လို့မရတော့ဘူး” ဟု ပြောသည်။
ယခုကဲ့သို့ အခွင့်အရေးများ ယခင်ကမရရှိဘဲ အလုပ်လုပ်ခွင့်မှတ်ပုံတင်ကို အလုပ်ရှင်က သိမ်းထားသဖြင့် အပြင်ထွက်လျှင် ထိုင်းပုလိပ် အဖမ်းခံရကာ နယ်စပ်ပြန်ပို့ခံရမှုများရှိကြောင်း၊ အခါကြီးရက်ကြီးများတွင် အခက်အခဲ မရှိ မြန်မာနိုင်ငံ ပြန်ခွင့် ရှိသောကြောင့် ထိုင်းနိုင်ငံ အတွင်းပိုင်း ရောက်ရှိနေသူများ လုပ်ထား သင့်သည်ဟု ၎င်းက ပြောသည်။
ဘန်ကောက်တွင် အိမ်ဖော်လုပ်သူတဦးကလည်း “ယာယီ နိုင်ငံကူး လက်မှတ် ဆိုပေမယ့် (၂) နှစ်ဗီဇာ အတွက်ဘတ် (၂,၀၀၀) ပဲ ဆိုတော့ တန်ပါတယ်။ ကိုယ့်အတွက် ရေရှည် အာမခံချက်ရှိလို့ အခုလိုမြ၀တီမှာ သွားလုပ်တာပါ။ တချို့ လုပ်ချင်ပေမယ့် သူတို့ အလုပ်ရှင်တွေက လုပ်မပေးတာတွေ များတယ်” ဟု ပြောသည်။
ထိုင်းအလုပ်သမား မှတ်ပုံတင်ရှိသူများသာ ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်နိုင်ပြီး ထိုင်း အလုပ်ရှင်နှင့် အတူ နယ်စပ်မြို့များ ဖြစ်သည့် မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်တို့တွင် မြန်မာ မှတ်ပုံတင်ပါ ပြသရမည်ဖြစ်သည်။ အလုပ်သမား လက်မှတ်မရှိသူများ လုပ်ခွင့်မရှိပေ။
ထိုင်း နိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းအစိုးရက ပြီးခဲ့သည့် ဇူလိုင်မှ ယခုလ (၂၉) ရက်ထိ အလုပ်သမား မှတ်ပုံတင်ရန် အချိန်ကန့်သတ်ပေးခဲ့ပြီး ယင်းကာလအတွင်း မှတ်ပုံတင် မပြုလုပ် သူများသည် တရားမ၀င် အလုပ်သမားများ အဖြစ် သတ်မှတ် ခံရမည် ဖြစ်သည်။
လက်မှတ်အတွက် မြန်မာဘက်တွင် ကျပ် (၃,၀၀၀) ပေးရပြီး (၂) နှစ်စာဗီဇာကြေးအတွက် ထိုင်းလ၀ကသို့ ဘတ် (၂,၀၀၀) ပေးသွင်းပြီး ထိုင်းတနိုင်ငံလုံးသို့ လွတ်လပ်စွာသွားလာခွင့်ရှိသည်။
လက်ရှိ ထိုင်းတွင် မှတ်ပုံတင်ထားသူ မြန်မာအလုပ်သမား (၇) သိန်းခွဲခန့်ရှိပြီး ယာယီနိုင်ငံကူး လက်မှတ် လာရောက်ထုတ်ယူသူ (၁၀၀) ကျော်ခန့်သာရှိသေးသည်ဟု မြန်မာဘက်က ပြောသည်။
ထိုင်းအလုပ်သမား ၀န်ကြီးဌာန၏ စာရင်းများအရ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား (၁.၅) သန်း ရှိသည်ဟု သိရသည်။
ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးသည့်ကိစနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အလုပ်သမား သွေးစည်း ညီညွတ်ရေး အဖွဲ့၏ တာဝန်ခံ ဦးသံဒုတ်ကမူ “ဒီလုပ်ငန်းစဉ်ဟာ အောင်မြင်မယ်လို့ မထင်ဘူး။ အဓိက အကြောင်းအရင်းကတော့ မြန်မာနိုင်ငံဟာ အာဏာရှင်တွေရဲ့ အစီအစဉ်နဲ့ သွားနေရတော့ အလုပ်သမား၊ လူဝင်မှု၊ နိုင်ငံခြားရေး စတဲ့ဝန်ကြီးဌာနတွေဟာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး။ စစ်အာဏာရှင်တွေရဲ့ ယန္တရားက မှန်ကန်တဲ့တွေးခေါ်မှုမရှိတော့ ပြည်သူတွေက သူတို့ကို မယုံကြည်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment