မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် သင့်မြတ်မှု ရရှိရေးအတွက် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုချက်ကို စစ်အစိုးရက လျစ်လျူရှုလိုက်ပြီး ရွေးကောက်ပွဲ လုပ်မည်ဟုသာ တုံ့ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲကာ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ထားမှု ဖြစ်ပွားပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောဆိုခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တန်ပြန်ကြေညာချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားရာ လူထုလူတန်းစားအသီးသီး ပါဝင်ရေးဆွဲသော အခြေခံဥပဒေ တရပ်ရှိနေပြီး ဆက်လက်၍ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပသွားမှာဖြစ်သည်ဟု ပြောထားသည်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မေလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားများ တွေ့ဆုံ ဆွေးနွေးရေး အတွက် လိုအပ်သော အခြေအနေကောင်းများ ဖန်တီးပြီး ကုလသမဂ္ဂ အထောက်အပံ့ဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်ရန် မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်လည်း ပါရှိသည်။
သို့သော် နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်းသည် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတရပ်သာ ဖြစ်ပြီး၊ နိုင်ငံရေးအရ အကျိုးသက်ရောက်မှု တစုံတရာ မရှိနိုင်ကြောင်း ကြေညာချက်တွင် ပြောဆိုလိုက်သည်။
ယမန်နှစ် စက်တင်ဘာလမှစ၍ အကျဉ်းသား ၁၅၃၁၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ လွှတ်ပေး ခဲ့သည် ဟုလည်း ပါရှိသည်။
စစ်အစိုးရက လူထုလူတန်းစားအသီးသီးမှ ကိုယ်စားလှယ် ၁၀၀၀ ကျော်ဖြင့် အခြေခံဥပဒေကို ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ဆန္ဒမဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံမှုပေးခဲ့သည်။ ထို့ကြောင့် လမ်းပြမြေပုံ၏ နောက်တဆင့်အရ ရွေးကောက်ပွဲကို ပြုလုပ်မှာဖြစ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် လွတ်လပ်သော အထွေထွေ ရွေးကောက်ပွဲတွင် မဲ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။
ထို့နောက် အခြေခံဥပဒေတရပ် ရေးဆွဲရန် လိုအပ်သည်ဆိုကာ ဝေဖန်ပြောဆိုမှုကို တားမြစ်ကာ စိတ်ကြိုက် ရွေးချယ်ထားသော ကိုယ်စားလှယ်များဖြင့် ၁၄ နှစ်ကျော်ကြာ ရေးဆွဲခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်များက အခြေခံဥပဒေသည် စစ်တပ်အုပ်ချုပ်ရေးကို တရားဝင် အသက်သွင်းခြင်း ဖြစ်သည်ဟု အခြေခံဥပဒေ ရေးဆွဲခြင်းကို သပိတ်မှောက် ခဲ့သည်။
စစ်အစိုးရက အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများကို ထောင်သွင်းအကျဉ်းချထားခြင်းကို တောက်လျှောက် လုပ်ဆောင်လာခဲ့ရာ လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသား ၁၂၀၀ ရှိနေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်ထားသည်။
နိုင်ငံရေး အကျဉ်းသားဟူ၍ မရှိဘဲ ရာဇဝတ်ပြစ်မှု ကျူးလွန်သူများသာဖြစ်ကြောင်း စစ်အစိုးရက တစိုက်မတ်မတ် ပြောဆိုနေခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးခဲ့သည့် ရာဇဝတ်ပြစ်မှုနှင့် အကျဉ်းကျသူများ စာရင်းကို လွှတ်ပေးသည့် စာရင်းတွင် ကိုးကားလေ့ရှိသည်။
တည်ဆဲဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို ၆ နှစ်ဆက်တိုက် တိုးမြှင့်၍ မရတော့သည့် ကာလနီးလာချိန်တွင် အမေရိကန်နိုင်ငံသား ဂျွန်ယက်တောက ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်းသို့ ခိုးဝင်မှု ဖြစ်ပေါ်ခဲ့ကာ နေအိမ်အကျယ်ချုပ်ကာလအတွင်း အခွင့်မရှိဘဲ လက်ခံတွေ့ဆုံမှုဖြင့် စစ်အစိုးရက တရားစွဲဆိုမှုဖြစ်ပြီး လက်ရှိ အင်းစိန် အကျဉ်းထောင်တွင် တရားဆိုင်နေရသည်။
မကြာသေးခင်က စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ် သက်တမ်းနှင့် ပတ်သက်၍ ပြောဆိုမှု အသစ်တရပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ချုပ်နှောင်ထားမှု သက်တမ်းမှာ တောက်လျှောက်အားဖြင့် ၄ နှစ်ခွဲသာ ရှိနေခဲ့ကြောင်းဖြင့် ၆ လ သက်တမ်းတိုးလို့ ရသေးသည်ဟု ပါရှိသည်။
source by : မဇ္ဈိမ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တောင်းဆိုချက် စစ်အစိုးရ လျစ်လျူရှု ၊ ရွေးကောက်ပွဲနှင့် တန်ပြန်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment