အာအက်ဖ်အေ | မကွေးတိုင်း ရေစကြိုမြို့အခြေစိုက် ခလရ (၂၅၆) တပ်ရင်းပိုင် စစ်လက်နက်တိုက် အဖောက်ခံ ခဲ့ရတာ သိရှိခဲ့တဲ့ မေလ ၄ရက်နေ့ နောက်ပိုင်းမှာ အဲဒီလက်နက်တိုက် အဖောက်ခံရတာနဲ့ ပတ်သက်လို့ ခလရ (၂၅၆) တပ်ရင်းက အရာရှိ နှစ်ဦး အပါအဝင် တပ်သား ၁၆ ယောက်ကို စစ်အစိုးရ အဆင့်မြင့် အာဏာပိုင်တွေက ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။
မြန်မာ စစ်အစိုးရ၏ တပ်မတော်တံဆိပ်ကို စစ်ဦးထုပ်တွင် တပ်ဆင်ထားပုံ ဖြစ်ပါသည်။ (Photo: AFP) |
ရေစကြိုမြို့ ခလရ (၂၅၆)တပ်ရင်းက လက်နက်တိုက် အဖောက်ခံရတာနဲ့ပတ်သက်ပြီး စစ်သားတွေကို ဖမ်းဆီးစစ်ဆေးမှုပြုလုပ်ရာက တပ်ကြပ်ကြီးတဦး သေဆုံးသွားတာကို မကျေနပ်လို့ တပ်ရင်း မိသားစုဝင် အမျိုးသမီး ၃၀လောက် မနေ့က ညနေပိုင်းမှာ ဆန္ဒပြခဲ့တာလို့ စစ်တပ်နဲ့ နီးစပ်တဲ့ မျက်မြင် ဒေသခံက အခုလိုပြောပါတယ်။
မျက်မြင် ဒေသခံ။ ။ “စစ်လက်နက်တိုက် အဖောက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံရတဲ့ ရဲဘော်တွေရဲ့ အမျိုးသမီး ၃၀လောက် တန်းစီပြီး မနေ့က ညနေပိုင်းမှာ တပ်ကနေ တမာတန်းအထိ ဆန္ဒပြခဲ့တာ။ သူတို့က ဖမ်းထားတဲ့သူတွေ လွှတ်ပေးဖို့၊ မတရားအမှုကို အမှန်အကန် လုပ်ပေးဖို့ စစ်ဆေးရင်း သေသွားတဲ့ ကိစ္စဟာ လုံးဝ မတရားဘူး။ သေသွားတဲ့သူအတွက် ရာဇဝတ်ကေ့း ပြန်ဆပ်ပေးဆိုပြီး အော်ဟစ်ဆန္ဒပြခဲ့တာပါ။”
သေဆုံးသွားသူဟာ လက်နက်တိုက် အဖောက်ခံရတာနဲ့ ပတ်သက်ပြီး အစစ်ဆေးခံရတဲ့ တပ်ကြပ်ကြီး အဆင့်ရှိ အသက် ၃၅နှစ်အရွယ် ကိုမြင့်စိုးဖြစ်ပြီး မေလ ၁၀ရက် မနေ့က မနက်ပိုင်းက သေဆုံးတာ ဖြစ်ပြီး သေတဲ့နေ့ နေ့လယ် တနာရီခွဲလောက်မှာ ရေစကြိုမြို့က သုဿန်မှာ သင်္ဂြိုဟ် ခဲ့တာလို့ ဒေသခံနောက်တဦးက ပြောပါတယ်။
အခြားဒေသခံ။ ။ “၂ချက်နဲ့ ၄နာရီကြား၊ စစ်သမီးတွေပေါ့၊ ရဲဘော်တွေရဲ့ အမျိုးသမီးတွေ၊ သူတို့ တပ်ကနေ တမာတန်းလမ်းဆုံအထိ။ ၃၀လောက်ရှိတယ်။ တန်းစီပြီးတော့ ဒီလိုဖမ်းထားတဲ့လူတွေ ထုတ်ပေးဖို့။ မတရား ခံစားရတာတွေပေါ့လေ၊ မတရားအမှုကို အမှန်အကန် လုပ်ပေးဖို့။ သေသွားတဲ့လူရဲ့ ဟာကို မကျေနပ်ဖူးပေါ့လေ။ လုံးဝ မတရားဘူး။ သေသွားတဲ့လူရဲ့ ဟာကို ရာဇဝင်ကေ့း ပြန်ဆပ်မယ်။ ဒါမျိုးတွေ လွှတ်ပေါ့လေ။ မကျေနပ်ဖူးပေါ့။ အော်ဟစ်ပြီးတော့ ဆန္ဒပြတာ။”
မကွေးတိုင်း ရေစကြိုမြို့မှာအခြေစိုက်တဲ့ ခလရ (၂၅၆)တပ်ရင်းရဲ့ စစ်လက်နက်တိုက် မေလ ၄ ရက်နေ့ ညနေပိုင်းမှာ အဖောက်ခံခဲ့ရတာ သိရှိပြီး စစ်လက်နက်တွေ ပါသွားတဲ့ သတင်းကို RFA မေလ ၅ရက်နေ့ ညပိုင်း အစီအစဉ်မှာ ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။
လက်နက်တိုက် အဖောက်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ရေစကြိုမြို့အခြေစိုက် ခလရ (၂၅၆)တပ်ရင်းက နောက်တန်းကျန် စစ်သားတွေ ဖမ်းဆီး စစ်ဆေးခံနေရတဲ့ အခြေအနေနဲ့ စစ်ဆေးခံရတဲ့ အထဲက တပ်ကြပ်ကြီးတဦး မနေ့က သေဆုံးခဲ့တာကို စစ်တပ်နဲ့နီးစပ်တဲ့ ဒေသခံကပဲ ဆက်ပြောပါတယ်၊၊
နောက်တန်းမှာကျန်ခဲ့တဲ့ ရဲဘော် ၁၆ယောက်လောက် အဖမ်းခံရတယ်။ အဲဒီ အဖမ်းခံရတဲ့အထဲမှာ အရာရှိ ၂ ဦးပါပြီး နမခနဲ့ နေပြည်တော် ထောက်လှမ်းရေးတပ်ခွဲက ဖမ်းဆီး စစ်ဆေးခဲ့တာ။ အဲလိုစစ်ဆေးလို့ လက်လွန်ပြီးတော့ တပ်ကြပ်ကြီးတဦး ရေစကြို ဆေးရုံကြီးအရောက်မှာ သေဆုံးခဲ့တာပါ။
ခလရ (၂၅၆)က တပ်ကြပ်ကြီးတဦး သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ ရေစကြိုမြို့နယ် ဆေးရုံကြီးကို RFAက ဆက်သွယ် မေးမြန်းတဲ့အခါ တာဝန်ကျ ဆေးရုံအုပ်ကြီးက အခုလို ပြန်ဖြေကြားပါတယ်။
ဆေးရုံအုပ်ကြီး။ ။ “အဲဒီအကြောင်း သိချင်ရင် (၂၅၆)ကို ဖုန်းဆက်ကြည့်ပါ။ ဘယ်လို တွေ့ရှိတယ်ဆိုတာ သိချင်ရင်လည်း (၂၅၆)ကိုပဲ ဖုန်းဆက်မေးပါ။ တပ်ရင်းဆီကို ဖုန်းဆက်မေးပါနော်။”
ရေစကြိုမြို့နယ် ဆေးရုံကြီးက တာဝန်ကျ ဆေးရုံအုပ်ကြီး ပြောကြားသွားတာ ဖြစ်ပါတယ်။
ရေစကြိုမြို့က ခလရ (၂၅၆)တပ်ရင်းပိုင် လက်နက်တိုက် အဖောက်ခံရလို့ ဖမ်းဆီး စစ်ဆေးခံရစဉ် တပ်ကြပ်ကြီးတဦး သေဆုံးသွားတာ အပါအဝင် တပ်ရင်း မိသားစုဝင် အမျိုးသမီး ၃၀လောက် ဆန္ဒပြတာတွေနဲ့ ပတ်သက်လို့ RFA က အသေးစိတ် သိရှိနိုင်ဖို့ ခလရ (၂၅၆)တပ်ရင်းရုံးကို ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါဘူး။
source by : အာအက်ဖ်အေ
1 comments:
မင်းတို့က မြို့ပြပြောက်ကျားရေးတဲ့ကောင်ကိုပြောလိုက်ကွာ
အဓိပ္ပါယ်မရှိတာနဲ့ ပြည်သူကိုမြောက်မပေးနဲ့လို့
ပြည်သူကိုဒုက္ခရောက်အောင် လုပ်နေတာမင်းတို့ပဲ
ပြည်သူက သူ့ဟာနဲ့သူ အသားကျအောင်နေတတ်နေပြီ
ပြည်သူကို အနေ၊အစားပျက်အောင်မလုပ်ခိုင်းပါနဲ့တော့
သတ္တိရှိရင် မင်းတို့ထွက်လာပြီးတော့ မင်းတို့လုပ်ကြံချင်တဲ့သူတွေကို နေပြည်တော်သွားပြီးလုပ်ကြံလေ
Post a Comment