NEJ | ဧရာဝတီတိုင်းတွင် ၀မ်းရောဂါ ဖြစ်ပွားမှုနှုန်းမှာ ယခင်နှစ်ကထက် များကြောင်း ဘိုကလေး မြို့နယ် ဆေးရုံမှ တာဝန်ကျ ဆရာဝန် တဦးက ပြောသည်။
ယခင်နှစ်များကလည်း ၀မ်းရောဂါဖြစ်ပွားမှု ရှိခဲ့ကြောင်း၊ သို့သော် ယခုနှစ်ပိုများကြောင်း အဆိုပါ မြို့နယ် ဆရာဝန်က ပြောသည်။
ဧရာဝတီတိုင်းအတွင်းတွင် နာဂစ်မုန်တိုင်းကြောင့် ရေကန်များကို ဆားငန်ရေများ လွှမ်းခဲ့သည့်နောက်ပိုင်း ပြီးခဲ့သည့် ၂၀၀၈ ခု မိုးရာသီကာလက ရွာထားသော မိုးရေများကြောင့် ယခုနှစ်တွင် သောက်သုံးနိုင်မည်ဟု အားလုံးက ထင် ထားခဲ့ကြောင်း၊ ယခင် လလယ်ပိုင်းက ရွာသော မိုးရေကို သုံးကြရာ ရေမကောင်းကြောင်း၊ ထို့ကြောင့် ရေကတဆင့် ၀မ်းရောဂါဖြစ်သည်ဟု ယူဆရကြောင်း ရောဂါဖြစ်ပွားရာ ဘိုကလေးမြို့နယ် မြင်းကကုန်းရွာသားတဦးက ပြောသည်။
ဘိုကလေးမြို့ခံများ ပြောပြချက်အရ ယင်းသို့ ၀မ်းရောဂါ ဖြစ်နေသော်လည်း သက်ဆိုင်ရာ မြို့နယ် အာဏာပိုင် များက ရေသုံးစွဲမှု၊ အစားအသောက်များနှင့်ပတ်သက်၍ သတိပေးနှိုးဆော်မှုများ မပြုလုပ်သေးကြောင်း ဒေသခံများက ပြောသည်။
“အမှန်ဆိုရင်တော့ အသိပညာပေးတွေကို လုပ်နေသင့်ပါတယ်။ ၀မ်းရောဂါဆိုတာ နာဂစ် နောက်ပိုင်းကြောင့် ရယ်မှ မဟုတ်ပါဘူး၊ ဘယ်အချိန်မဆို မိုးဦးလေဦးမှာ ဖြစ်နိုင်တယ်လေ။ နယ်သူနယ်သားတွေအနေနဲ့  ကျန်းမာရေးဗဟု သုတ နည်းပါးတယ်” ဟု ဘိုကလေးမှ အထက်တန်းပြ ကျောင်းဆရာမတဦးက ပြောသည်။
ဘိုကလေးမြို့နယ် ဘုရားချောင်းရွာမှ ၀မ်းရောဂါဖြင့် ဆေးရုံတက်ခဲ့ရသူ ကိုကျော်ကျော်က “ကျနော်က ရေကြောင့်ဖြစ်တာ သေချာတယ်ဗျ။ ဘာလို့လည်းဆိုတော့ ကန်ရေသောက်တာကိုး။ ၀မ်းသွားပြီး အန်လည်း အန်သေးတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဆေးရုံမှာလည်း လူတွေအများကြီးပဲ။ ကျနော့်လိုပဲ ဖြစ်ကြတာ။ တချို့ သေတဲ့ထိပဲ” ဟု ပြောသည်။
ဘိုကလေးဆေးရုံတွင် ၀မ်းရောဂါကြောင့် လူပေါင်း (၁၀၀) ကျော် ဆေးရုံတက် ကုသမှုရှိကြောင်း ဆေးရုံမှ ရုံးအရာထမ်းတဦးက ပြောသော်လည်း သေဆုံးမှုရှိမရှိနှင့်ပတ်သက်၍ ပြောကြားရန် ငြင်းဆိုသည်။
ယခုနှစ်တွင် နာဂစ်မုန်တိုင်းတိုက်ခဲ့သော ဧရာဝတီတိုင်း ဒေသများတွင်သာမက မြန်မာတနိုင်ငံလုံးတွင် ၀မ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေကြောင်း ကျန်းမာရေးဦးစီဌာနမှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။
၎င်းက “တနိုင်ငံလုံးမှာ ၀မ်းရောဂါနဲ့ သေဆုံးသူပေါင်း (၅၀) လောက်တော့ ရှိမယ်ထင်တယ်။ အတိအကျတော့ စာရင်းမရှိဘူး၊ ခန့်မှန်းတာပေါ့လေ။ အရင်ကဆိုရင် မိုးရာသီမှာပဲ ၀မ်းကိုက် ၀မ်းလျှောရောဂါ ဖြစ်တာများတယ်။ ဒီနှစ်ကတော့ ကြားတဲ့အတိုင်းပဲလေ။ နေရာအနှံပဲ” ဟု ပြောသည်။
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပ၊ ဒေါပုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ဒလ၊ ပုဇွန်တောင် အစရှိသော မြို့နယ်တို့တွင်လည်း ၀မ်းရောဂါဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းတွင်လည်း ၀မ်းရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။
ရေအခက်အခဲများဖြစ်နေသည့် ဖျာပုံမြို့နယ် မြစ်တန်းနှင့်အချာရွာတို့တွင် WORLD VISION က ရေသန့် များကို မော်တာဖြင့်မောင်းကာ မြေပေါ်ကန်များ ပြုလုပ်ပေးထားပြီး မွတ်စလင်များအဖွဲ့ကလည်း ရေကန်တွင် ရေသန့် စက်များ တင်ဆင်ပေးရန် လုပ်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
source by : ခေတ်ပြိုင်
ဧရာဝတီတိုင်းတွင် ကန်ရေကြောင့် ၀မ်းရောဂါဖြစ်သူများ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment