NEJ | ကမ္ဘာ့ဝက်တုပ်ကွေးရောဂါပိုး ပျံ့နှံ့နေသောကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နိုင်ငံ အသီးသီးမှ လေယာဉ်ဖြင့် ရောက်ရှိလာသော ခရီးသည်များအား မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“သူများနိုင်ငံတွေမှာ ဖြစ်နေတဲ့ ၀က်တုပ်ကွေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့လည်း ကာကွယ်ရမယ့် အခြေအနေရှိပါတယ်။ ဒါကြောင့် စစ်ဆေးတာပါ” ဟု ကျန်းမာရေးဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။
ယင်းသို့ စစ်ဆေးခြင်းကို ယခုလ (၂၈) ရက်က စတင်ပြုလုပ်နေကြောင်း လေဆိပ်လုံခြုံရေးအရာရှိတဦးက ပြောသည်။
စစ်အစိုးရကထုတ်သော မြန်မာ့အလင်းနှင့် ကြေးမုံတို့တွင် အဆိုပါဝက်တုပ်ကွေးကြောင့် လူပေါင်းများစွာ သေဆုံးနေသည့် သတင်းအား ယခုလ (၂၈) ရက်နေ့မှစ၍ နေ့စဉ်ထုတ်ပြန်လျက်ရှိသည်။
အဆိုပါသတင်းကို ပြည်တွင်း သတင်းဂျာနယ်များ၌ ဘာသာပြန် ရေးသားဖော်ပြကြခြင်းမှလွဲ၍ ပြည်တွင်း ၀က်တုပ်ကွေး အခြေအနေ ရေးသားမှုမျိုး သိပ်မတွေ့ရသေးကြောင်း ဂျာနယ်တခုမှ သတင်းအယ်ဒီတာ တဦးက ပြောသည်။
၎င်းက “မြန်မာပြည်တွင်း သတင်းဂျာနယ်တွေအနေနဲ့ အဲဒီသတင်းမျိုးတွေကို မျက်နှာဖုံးမှာ အထူးရေးသား ဖော်ပြသင့်တာပေါ့။ ကျန်းမာရေးအသိတွေ ချို့တဲ့ကြတယ်ဗျာ” ဟု ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြည်သူများကို မွေးဖွားသည်မှသေဆုံးသည်ထိ ရန်ကုန်မြို့တော်စည်ပင်မှ ကူညီပေးနေကြောင်း ပြည်တွင်းသတင်းဂျာနယ်များကို ပြောကြားခဲ့ဖူးသည်။
သို့သော် ရန်ကုန်တွင် ၀က်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ မည်သို့လုပ်ဆောင်ရမည်ကို ၀က်သားရောင်းသူများက မိမိတို့ကိုယ်တိုင်ပင် မသိရှိသေးကြောင်း ပြောကြသည်။
“လောလောဆယ်တော့ စည်ပင်က ဘယ်လို လုပ်ပါလို့တော့ တိတိကျကျမပြောသေးဘူး။ ဈေးကတော့ နည်းနည်း ကျတယ်။ ၀က်ဈေးက နဂိုကပဲ ကျနေတာပါ။ ဒိုင်ဈေးကျပေမယ့် အပြင်မှာတော့ မကျသေးဘူး။ ဘာလို့လဲဆိုတော့ အရောင်းဆိုင်တွေ ရှိသေးတယ်လေ” ဟု ကြည့်မြင်တိုင်မှ ၀က်သားအရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုသရေးနှင့် သားသတ်ရုံများဌာနက သားသတ်ရုံ များနှင့် ၀က်သား ထုတ်လုပ်ရေး လုပ်ငန်းများကို ကျန်းမာရေးနှင့်ညီညွတ်သော ၀က်သားများ ထုတ်လုပ်ရောင်းချစေရန်သာ ခေါ်ယူပြောဆိုမှုများ ရှိသည်ဟု သိရသည်။
တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ၀က်မွေးမြူရေးခြံများသို့ စနစ်တကျမွေးမြူမှု ရှိမရှိ သွားရောက် စစ်ဆေးရန်ရှိကြောင်း ယင်းဌာနမှ ၀န်ထမ်းတဦးက ပြောသည်။
ရန်ကုန်တိုင်းတွင် ၀က်မွေးမြူရေးလုပ်ငန်းပေါင်း (၈၀၀) ခန့်ရှိပြီး ရန်ကုန်စည်ပင်က ၀က်သတ်လိုင်စင်ပေါင်း (၈၀) ကျော် ချထားပေးကြောင်း စည်ပင်တာဝန်ရှိသူတဦးက ပြောသည်။
Source by : ခေတ်ပြိုင်
ဝက်တုပ်ကွေးကာကွယ်ရန် ရန်ကုန်လေဆိပ်တွင် စစ်ဆေး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment