မုံပီး | နယူးဒေလီ (မဇ္ဈိမ) ။ ။ အကယ်၍ စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပြီး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သင့်တော်သော ပြင်ဆင်ချက်များ ပြုလုပ်ပေးလျှင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးလျှင်၊ ထို့အပြင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေကို ပြန်လည် သုံးသပ်၍ ပြင်ဆင်မှုများ ပြုလုပ်ပေးလျှင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်မည်ဟု ပြောဆိုခြင်း ဖြစ်သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ စစ်အစိုးရဆီ ကျနော်တို့ရဲ့ တောင်းဆိုချက်ကို ထပ်လောင်း ပြောကြားပါတယ်။ ဒါပြီးမှ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရေး ကိစ္စကို ကျနော်တို့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟု ပါတီပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
အန်အယ်ဒီက သူ၏ ရပ်တည်ချက်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည့် ‘ရွှေဂုံတိုင် ကြေညာချက်’ တွင် ထည့်သွင်း ဖော်ပြထားသည်။ ဤကြေညာချက်ကို ရန်ကုန်ရှိ ဌာနချုပ်၌ ဧပြီလ ၂၈-၂၉ ရက်နေ့များတွင် ကျင်းပခဲ့သည့် ၂ ရက်ကြာ ပါတီခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေး အပြီးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
သူတို့အနေဖြင့် လာမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားခြင်း မရှိသော်လည်း အစိုးရက သူတို့၏ မေတ္တာ ရပ်ခံချက်ဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်၍ ဒီမိုကရေစီ မကျသော အချက်အလက်များကို ပြင်ဆင်ပေးမည်ဆိုပါက ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ပါမည်ဟု ဆိုသည်။
“ဒီအချက်တွေဟာ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ကျနော်တို့ရဲ့ ကြိုတင်စည်းကမ်း သတ်မှတ် ချက်တွေ ဖြစ်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ပါတီက စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပါရန်လည်း တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံ အာဏာရ စစ်အစိုးရသည် သူတို့၏အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံ၏ အစိတ်အပိုင်း တရပ်အဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တရပ်ကို ၂ဝဝ၈ ခုနှစ် မေလအတွင်း ကျင်းပခဲ့သော ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့ပြီး၊ ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သို့သော် အန်အယ်ဒီ အပါအဝင် အတိုက်အခံများကမူ စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တဖက်သတ် ရေးဆွဲခဲ့ခြင်းသာဖြစ်ပြီး၊ ပြည်သူလူထု၏ မျှော်မှန်းချက်များကို ရောင်ပြန်ဟပ် ဖော်ပြနိုင်ခြင်း မရှိကြောင်း ပြောဆိုခဲ့သည်။ ဤဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်၍ ပါဝင်သော ပြဋ္ဌာန်းချက်များကို ပြင်ဆင်ပေးပါရန် အန်အယ်ဒီ က တောင်းဆိုခဲ့သည်။
သို့သော် ဝေဖန် ဆွေးနွေးသူအချို့က အန်အယ်ဒီ အနေဖြင့် စစ်အစိုးရက အဆိုပြုထားသည့် ၂ဝ၁ဝ ရွေးကောက်ပွဲ နှင့် စပ်လျဉ်း၍ မိမိ၏ ရပ်တည်ချက်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြသင့်ကြောင်းနှင့် လက်ရှိ ရပ်တည်ချက်သည် ပြည်သူလူထုကို ဝေဝါးရှုပ်ထွေးစေနိုင်ကြောင်း ပြောဆိုခဲ့ကြသည်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်နိုင်ဦးကမူ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည်နှင့် ပတ်သက်၍ မိမိတို့၏ သဘောထားကို အန်အယ်ဒီ အနေဖြင့် ရှင်းလင်းစွာ ရှိထားသင့်ကြောင်းနှင့် ဤသို့ ရှင်းလင်း ပြတ်သားခြင်း မရှိပါက သူတို့အပေါ် ယုံကြည်ကိုးစားမှုကို လျော့နည်းစေနိုင်ကြောင်း ပြောသည်။
သူက “အန်အယ်ဒီက ကိုယ့်ကိုယ်ကို တော်လှန်ရေး အဖွဲ့အစည်းလို့ ယူဆရင် စစ်အစိုးရက လုပ်မယ့် ရွေးကောက်ပွဲကို ပယ်ချသင့်တယ်။ စစ်အစိုးရက ကြိုက်သလို ချယ်လှယ်နိုင်မှာမို့ပဲ။ ဒါပေမဲ့ သူတို့က ကိုယ့်ကိုယ်ကို နိုင်ငံရေးပါတီလို့ ယူဆရင်တော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တာဟာ အမြော်အမြင်ရှိရာ ရောက်ပါတယ်” ဟု ပြောသည်။
သို့သော် စစ်အစိုးရက အန်အယ်ဒီကို ရွေးကောက်ပွဲတွင် ဝင်မပြိုင်စေချင်သောကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ရေးအတွက် ပါတီ၏ ကြိုတင်စည်းကမ်း သတ်မှတ်ချက်များသည် စစ်အစိုးရ၏ အကျိုးစီးပွားကို အထောက်အကူ ဖြစ်စေနိုင်ကြောင်းနှင့် စစ်အစိုးရက အဆိုပါ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးမည် မဟုတ်၍ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။
“စစ်အစိုးရကတော့ အတိုက်အခံတွေ ရွေးကောက်ပွဲမှာ ဝင်မပြိုင်တာကို ပိုကြိုက်တာ ရှင်းတယ်။ ဒါကြောင့် ဒီချုပ်ရဲ့ လက်ရှိ ရပ်တည်ချက်အတိုင်း ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေပြောပြီး တောင်းဆိုနေတာဟာ စစ်အစိုးရရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းပေးရာ ရောက်တယ်” ဟု သူက ပြောသည်။
သို့သော် ပြည်ပရောက် အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) ၏ နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်ကမူ အန်အယ်ဒီ မပါဘဲ ရွေးကောက်ပွဲ ကျင်းပခြင်းသည် စစ်အစိုးရ လိုချင်နေသော တရားဝင်ဖြစ်မှုအတွက် အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်နေမှာဖြစ်ကြောင်းနှင့် အကြောင်းမှာ ဒီချုပ်သည် ၁၉၉ဝ ရွေးကောက်ပွဲ၏ တရားဝင် အနိုင်ရပါတီ ဖြစ်နေခြင်းကြောင့်ဖြစ်ကြောင်း ပြောသည်။
သူက “အန်အယ်ဒီသာ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ရင် စစ်အစိုးရက တရားဝင်မှုကို ရမှာမဟုတ်ဘူး” ဟု ပြောသည်။
“ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရက လေးစားလိုက်နာပါ့မယ်လို့ အာမခံချက် မရှိတာကြောင့် ရွေးကောက်ပွဲ ဝင်ဖို့ မဆုံးဖြတ်ခင် ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေချပြီး၊ ဒီချုပ်က ကိုယ့်ရပ်တည်ချက်ကို ရှင်းရှင်း လင်းလင်း ဖော်ပြထားတာ” ဟု သူက ပြောသည်။
“ဒီလို ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေသာ မရှိရင် ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလို ရလဒ်ကို အသိအမှတ် မပြုတာမျိုး စစ်အစိုးရက ထပ်မလုပ်ပါဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး” ဟု သူက ဆိုသည်။
ယခုလို ကြိုတင်စည်းကမ်း သတ်မှတ်ချက်များကို အန်အယ်ဒီက ထုတ်ပြန် ကြေညာလိုက်ခြင်းအားဖြင့် ရွေးကောက်ပွဲ နှင့် စပ်လျဉ်း၍ အန်အယ်ဒီက နောက်တကြိမ် မလုပ်ဆောင်မီ၊ ရွေးကောက်ပွဲကို ယှဉ်ပြိုင်မည်၊ သို့မဟုတ် ငြင်းပယ်မည် ဆိုသည်ကို ထုတ်ဖော်ကြေညာခြင်း မပြုမီ၊ စစ်အစိုးရအတွက် အချိန်နှင့် အခွင့်အလမ်း ပေးထားရာ ရောက်သည့်အတွက် မျှတမှုလည်း ရှိကြောင်း သူက ဖြည့်စွက်ပြောဆိုသည်။
အန်အယ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေက ယမန်နေ့က အစည်းအဝေး အဖွင့်မိန့်ခွန်း ပြောကြားရာတွင် စစ်အစိုးရ၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အကျိတ်အနယ် ဝိုင်းဝန်း ဆွေးနွေးကြပါရန်နှင့် ပါတီက မည်သို့လုပ်သင့်ကြောင်း ဝိုင်းဝန်း ဆုံးဖြတ်ပေးကြပါရန် အစည်းအဝေး တက်ရောက်လာသော ပါတီဝင်များကို တိုက်တွန်း ပြောကြား ခဲ့သည်။
တညီတညွတ်တည်းသော ရပ်တည်ချက်ကို ရရှိခဲ့သည့်အတွက် ရန်ကုန် ရွှေဂုံတိုင်ရှိ ပါတီဌာနချုပ်တွင် ပြုလုပ်ခဲ့သော ၂ ရက်ကြာ စုံညီအစည်းအဝေးသည် အရေးပါကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
source by : မဇ္ဈိမ
ရွေးကောက်ပွဲ ဝင်ရေးအတွက် အန်အယ်ဒီက ကြိုတင်စည်းကမ်း သတ်မှတ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment