အေးချမ်းမြေ့ | ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ အတွက် ဖွင့်ထားသော ကျောင်း ၆၂ ကျောင်းရှိသည့်အနက် လုံးဝထောက်ပံ့ကြေးမရသည့်ကျောင်း ၅ ကျောင်းခန့် ရှိပြီး နေ့လယ်စာ အပြည့်အဝ မကျွေးနိုင်သည့် ကျောင်းမှာ ၃၀ ခန့်ရှိကြောင်း မြန်မာ ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာရေးဌာန (BMWEC) ၏ဥက္ကဌ နော်ဖောရေက ပြောသည်။
BMWEC ၏ လက်အောက်တွင် ဖွင့်လှစ် ထားသော ကျောင်းစုစုပေါင်း ၄၇ ကျောင်းရှိ နေပြီး ပုံမှန် ထောက်ပံ့ နေသည့် ငွေကြေး များဖြင့် မလုံလောက် သောကြောင့် အရေးပေါ် လိုအပ် ငွေများကို ဒေါက်တာ စင်သီယာမောင် ဦးစီးသည့် မယ်တော် ဆေးခန်း၊ World Education Centre စသည့် အဖွဲ့အစည်းများက ပေးလှူနေရကြောင်း ၎င်းက ဆက်ပြောသည်။ BMWEC အတွက် ပုံမှန်ရရှိနေသည့် နှစ်စဉ် အလှူငွေမှာ ဘတ် သန်း ၁၀၀ ကျော် ခန့်ရှိပြီး လှူဒါန်းသည့် အဖွဲ့အစည်း အများစုမှာ အမေရိကန်မှဖြစ်သည်ဟု သိရသည်။
“စားစရိတ်အတွက်က အရေးပေါ်အလှူရှင်တွေကပေးနေလို့ တော်သေးတယ်။ ပုံမှန်သုံးနိုင်တာက မဖြစ်မနေ ကုန်ရတဲ့ ရေဖိုး၊ မီးဖိုးနဲ့ ဆရာတွေအတွက် လစာပဲ” ဟု နော်ဖောရေက ဆိုသည်။
တချို့သောကျောင်းများတွင် ဆရာ အားလုံးအတွက် လစာငွေ မလုံလောက်မှုများရှိသည်ဟု နော်ဖောရေက ပြောပြသည်။ ဆရာတချို့အတွက် စားစရိတ်ကို ကျောင်းသားမိဘများထံမှ အကူအညီ ပြန်တောင်း ရသည်ဟု လည်း ဆိုသည်။
ယခင်က ကျောင်းများအားလုံးတွင် ကျောင်းသားများကို ပုံမှန် နေ့လယ်စာ ကျွေးနိုင်ခဲ့သော်လည်း ယခုနှစ်ဆန်းမှ စတင်၍ ထောက်ပံ့ငွေ မလုံလောက်သဖြင့် နေ့လယ်စာကျွေးရန် အခက်အခဲတွေ့နေရကြောင်း မဲဆောက်မြို့ရှိ ဆာမူထော ကျောင်း၏ ကျောင်းအုပ်ကြီးက ပြောပြသည်။
ဆက်လက်၍ ၎င်းက ၂၀၀၇၊ စက်တင်ဘာ အရေးတော်ပုံ ကာလက တခါ၊ ၂၀၀၈၊ မေလ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ပြီးကာလက တခါ ထောက်ပံ့ငွေကြေးများကို လှူဒါန်းနေသည့် အဖွဲ့အစည်းများက မဲဆောက်ရှိ ကျောင်းများကို အနည်းအကျဉ်းမျှသာ ပေးပြီး ပြည်တွင်းသို့ အားပြုလှူဒါန်းတော့မည်ဟု ကြားရကြောင်း ပြောပြသည်။
“ပြည်တွင်းကိုပဲ လှူတော့မယ်၊ ကျမတို့ကို မပေးတော့ဘူး ဆိုပြီးကြားတယ်။ အရင်ကဆို ကလေးတွေကို ကျွေးနိုင်တယ်။ ကျွေးနိုင်တယ် ဆိုတာတောင် တပတ်ကို ၃ ရက်ပဲ။ ခု လွန်ခဲ့တဲ့ ၂ လလောက်ကတော့ တော်တော်လေးကို ခက်ခဲ သွားတယ်” ဟု သူက ဆိုသည်။
မဲဆောက်မြို့ရှိ ဆာသူးလေကျောင်းတွင် ကျောင်းသား ၆၅၀ ကျော်ရှိပြီး ကျောင်းအိပ်၊ ကျောင်းစား အဆောင် နေသူ ၂၁၀ ခန့်ရှိသော်လည်း ထိုကျောင်းတွင် မူကြိုကလေးငယ်များမှအပ ကျန်ကျောင်းသားများကို နေ့လယ်စာ မကျွေးနိုင်ဟု နော်ဖောရေက ပြောပြသည်။
ယခုအခါ မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ တက်ရောက် ပညာသင်ကြား နေသည့် ကျောင်း ၆၂ ကျောင်းရှိပြီး ကျောင်းသား စုစုပေါင်း ၉ ထောင်ကျော် ရှိနေကာ ဆရာ၊ ဆရာမ အရေအတွက် ၅၀၀ ခန့် ရှိသည်ဟု သိရသည်။ ငွေကြေး မလုံလောက်မှုကြောင့် ကျောင်းသားငယ် ကလေးများကိုသာ အဓိက အားထား ကျွေးမွေးနေရပြီး ကျောင်းသားကြီး များကိုမူ လုံးဝနီးပါး နေ့လယ်စာ မကျွေးနိုင်တော့ကြောင်း ကြားသိရသည်။
“ငွေကြေးမလုံလောက်လို့ ကျောင်းတွေ ပိတ်လိုက်ရရင်တော့ မဲဆောက်က ကလေးထုကြီးတရပ်လုံး ပြဿနာ ဖြစ်သွား နိုင်တယ်။ ကျောင်းထက်လုံခြုံတဲ့ နေရာ မရှိဘူးလေ။ မိဘတွေ အလုပ်သွားတဲ့အချိန်မှာ ကလေးငယ် တွေကို ကျောင်းမှာပဲ စိတ်ချလက်ချ ထားခဲ့နိုင်တာ” ဟု ဆာမူထော ကျောင်းအုပ်ကြီးက ဆိုသည်။ ဆာမူထော ကျောင်းကို ယခင်က “အနာဂတ်ပန်းခင်း” ဟုခေါ်တွင်ခဲ့ပြီး သူငယ်တန်းမှ ၆ တန်းအထိ ကျောင်းသား စုစုပေါင်း ၂၇၉ ဦးနှင့် ဆရာ၊ ဆရာမ ၈ ဦးရှိကြောင်း သူက ပြောပြသည်။
ယခုအခါ ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများအတွက် ဖွင့်လှစ်ပေးထားသော ကျောင်းများတွင် ငွေကြေး မလုံလောက်သည့် ပြဿနာ အပြင် အရွယ်ရောက်စပြုသည့် ကလေးများကို မိဘများက ကျောင်းထုတ် ချင်သည့် ပြဿနာကိုပါ ရင်ဆိုင်နေရကြောင်း မဲဆောက်မှ ကျောင်းဆရာတဦးက ပြောပြသည်။
“၇ တန်းလောက်ဆို ကျောင်းဆက်မထားချင်ကြတော့ဘူး။ ကျောင်းတက်တာ ပိုက်ဆံ တပြားမှ မကုန်ပေမယ့် အဲဒီ အရွယ်ဆို မိဘက အလုပ်ခွင်ဝင်ခိုင်းချင်ပြီ၊ ငွေရှာ ခိုင်းချင်ကြပြီ” ဟု သူက ဆိုသည်။
ဆာမူထော ကျောင်းအုပ်ကြီးကလည်း ကလေးများကို ကျောင်းဆက်မထားချင်သည့် ပြဿနာကြောင့် မိဘများနှင့် အတိုက်အခံပြောဆို နေကြရသည်ဟု ပြောပြသည်။
အလားတူပင် ထိုင်းနိုင်ငံ ဖန်င အရပ်တွင်လည်း ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများအတွက် ဖွင့်လှစ် ထားသည့် ကျောင်း ၁၃ ကျောင်းခန့်ရှိရာ ငွေကြေးခက်ခဲသည့် ပြဿနာကို ၂၀၀၈ နှစ်ဆန်းပိုင်းက စတင် ရင်ဆိုင် နေရကြောင်း ဖန်ငဒေသ အခြေစိုက် အခြေခံ လူ့အခွင့်အရေး ပညာပေးကော်မတီ၏ ဒါရိုက်တာ ကိုထူးချစ်က ပြောပြသည်။
“ပညာရေးဆိုတာက ရေရှည်စီမံကိန်းဆိုတော့ ရပ်လိုက်လို့ မရပါဘူး။ ကျနော်တို့ကတော့ ဖြစ်အောင် ဆက်လုပ်သွားမှာပါ” ဟု ၎င်းကဆိုသည်။
ကိုထူးချစ်က ကျောင်းများအတွက် စရိတ်အကုန်အကျ အများဆုံးကိစ္စမှာ ကျောင်းကြို၊ ကျောင်းပို့ စရိတ် ဖြစ်သောကြောင့် ၎င်းစရိတ်များ လျှော့ချလိုက်လျှင် ကျောင်းသားဦးရေ နည်းသွားနိုင်သော်လည်း ကျောင်းများကိုတော့ ဆက်လက် ဖွင့်လှစ် ထားနိုင်မည်ဟု ပြောပြသည်။ ကျောင်းသားမိဘများမှာ ရော်ဘာခြံများ၊ စိုက်ခင်းများတွင် အလုပ်လုပ်သူများ ဖြစ်သော ကြောင့် ကျောင်းသားများကို ကြိုပေး၊ ပို့ပေးမှသာ ကျောင်းတက်နိုင်သည့် အနေအထား ရှိသည်။
“ကျောင်းကိစ္စ တခုတည်းတော့မဟုတ်ဘူး၊ တခြား Migrant ကိစ္စတွေ၊ အမျိုးသမီး ကိစ္စတွေဆိုရင်လည်း ဒီမှာ လုပ်နေတဲ့ အန်ဂျီအိုတွေက လုံးဝ ရပ်လိုက်ပြီး ပြည်တွင်းမှာ သွားလုပ်တာတွေ ရှိပါတယ်” ဟု ကိုထူးချစ်က ပြောသည်။
ဆက်လက်၍ ၎င်းက ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများအတွက် ဖွင့်လှစ်ထားသည့် ကျောင်းများ အနေနှင့် လုံးဝ ရပ်ဆိုင်းလိုက်ဖို့ရန် မဖြစ်နိုင်ကြောင်းနှင့် အလှူရှင်များ ထပ်မံ ပေါ်လာမည်ဟု ယုံကြည်သည်ဟု ဆိုသည်။ ဖန်ငနယ် အခြေခံ လူ့အခွင့်အရေး ပညာပေးကော်မတီ၏ လက်အောက်ရှိ ကျောင်း ၁၃ ကျောင်းတွင် မူကြိုအရွယ်မှ အလယ်တန်း လွန် အဆင့်ထိ ကျောင်းသား ၇၀၀ နီးပါးရှိပြီး မြန်မာ၊ ထိုင်းနှင့် အနောက်နိုင်ငံသား ဆရာ၊ ဆရာမ ၃၈ ယောက်ရှိကြောင်း သိရသည်။
ထိုကျောင်းများကို ၂၀၀၄ ခုနှစ် ဆူနာမီအပြီးတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဆူနာမီကြောင့် မိဘမဲ့ ဖြစ်ရသည့် ကလေးများအတွက် အဓိကထားခဲ့သည်။ အလှူရှင်များက ၃ နှစ်စီမံကိန်းအဖြစ် စတင်ခဲ့ကာ စီမံကိန်းအပြီးတွင် ပြန်သွား ခဲ့သော်လည်း ရွှေ့ပြောင်းအလုပ်သမားများ တိုးပွားလာသဖြင့် ကျောင်းသားဦးရေလည်း နှစ်စဉ် တိုးတက်ခဲ့သည်။ ပညာရေးကိစ္စရပ် ဖြစ်သောကြောင့် ကျောင်းများကို ဆက်လက် ဖွင့်လှစ်ထားရမည် ဖြစ်ကြောင်း ကိုထူးချစ်က ရှင်းပြသည်။
“သိပ်အခက်အခဲ ဖြစ်လာရင်တော့ ထမင်းမကျွေးတော့တာမျိုးလုပ်ရမှာပဲ။ ခုလည်း ကျောင်းတိုင်းကိုတော့ ကျနော်တို့ မကျွေးနိုင်ပါဘူး။ ပညာရေးကိစ္စကိုတော့ ရပ်လိုက်လို့ မဖြစ်ဘူး” ဟု ၎င်းက ပြောသည်။
ထိုင်း - မြန်မာ နယ်စပ် ရနောင်းဒေသဘက်တွင်လည်း အလားတူ ငွေကြေးမလုံလောက်သည့် ပြဿနာများ ရင်ဆိုင်နေရသော ရွှေ့ပြောင်းအလုပ်သမားများအတွက် ဖွင့်ထားသည့် ကျောင်းများရှိသည်ဟု ကြားသိရသည်။
“ရေရှည်မှာ ဘယ်လိုဖြစ်လာမယ် အတိအကျ မပြောနိုင်ဘူး။ ဒီနှစ်တော့ တနှစ်ပြီးသွားပြီ။ သက်ပျင်းချနိုင်ပြီ။ နောက်နှစ် ဘာဖြစ်မလဲ ကျမလည်း မသိဘူး။ အကောင်းဆုံးဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပဲ” ဟု နော်ဖောရေက ပြောသည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=783:2009-03-03-12-53-46&catid=1:news&Itemid=2
0 comments:
Post a Comment