နန်းဒေ၀ီ | နယူးဒေလီ (မဇ္စျိမ)။ ။ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ကျေးရွာသားများ သောက်သုံးရေ အရေးပေါ် လိုအပ်နေကြောင်း နာဂစ်လေဘေး ကယ်ဆယ်ရေး အဖွဲ့တခုက ယနေ့ ပြောသည်။
မြို့နယ်အတွင်းရှိ ကျေးရွာ ၃၅ ရွာကျော်တွင် သောက်သုံးရေ ပြတ်လပ်နေသဖြင့် ရွာသားများက ကူညီပါရန် ကယ်ဆယ်ရေး လုပ်နေသူများထံ လာတောင်းနေကြောင်း ထိုင်းအခြေစိုက် Emergency Assistance Team-EAT-Burma ခေါ် အရေးပေါ်ကူညီပေးရေးအဖွဲ့ (မြန်မာနိုင်ငံ) က ပြောဆိုခြင်းဖြစ်သည်။
“သောက်သုံးရေက သူတို့အတွက် အရေးပေါ် လိုအပ်တဲ့ဟာလို့ ပြောလို့ရတယ်။ ရွာသားတွေက မြို့ပေါ်တက်ပြီး ရေသန့် ၀ယ်သောက်နေရပြီ။ ရွာသားတွေ ကျနော်တို့ကို လာပြောပြတယ်” ဟု EAT-Burma ၏ အတွင်းရေးမှူး ဦးမန်းမန်းက ပြောသည်။
၂၀၀၈ မေလဆန်းက မုန်တိုင်းဒဏ်ကြောင့် လပွတ္တာမြို့နယ်တွင် လူဦးရေ ၈ သောင်းထက်မနည်း သေဆုံးခဲ့ပြီး၊ ကျေးရွာများ အများအပြားရှိ သောက်သုံးကန်များအတွင်း ပင်လယ်ရေငန်များ ၀င်ရောက်ခဲ့သဖြင့် ရွာသားများ သောက်သုံးရေ ခက်ခဲခဲ့သည်။
ယခုအခါတွင် ပူပြင်းသည့် ရာသီဥတုကြောင့် ကျေးရွာအချို့ရှိ ဆားငန်ရေ မသင့်သည့် သောက်သုံးကန်များ ခမ်းခြောက်လာသည့်အပြင်၊ သောက်သုံးရေကန် အရေအတွက်နှင့် လူဦးရေ မျှတခြင်း မရှိသည့်အတွက် ရေပြဿနာ စတင်တွေ့ကြုံခဲ့ရသည်ဟု ဒေသခံတဦးက ယခုလို ပြောသည်။
“အခုဆိုရင် တချို့ရွာတွေက ရေကန်လေးတွေက ရေကန်သေးတယ်။ အဲဒီတော့ ရေမကျန်တဲ့ ရွာတွေက ရေသွားသွားခတ်ကြတယ်။ အဲလိုသွားခပ်တဲ့အခါမှာ ရေရှိတဲ့ရွာက အခပ်မခံတဲ့ အခါကျတော့ ပြဿနာတွေပါ ဖြစ်ကြတယ်။ ရှေ့လက စပြီးတော့ မြစ်ရေက ပိုငန်လာတော့မှာ။ အဲဒီအခါကျရင် မြစ်ရေက ချိုးလို့ရော၊ သုံးလို့ရော ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး” ဟု သူက ပြောသည်။
ရေရှားပါးလာသဖြင့် ရွာသားအများစုက မြို့ပေါ်တက်၍ သောက်သုံးရေ ၀ယ်သုံးကြရသည်။ လက်တွန်းလှည်းဖြင့် သောက်သုံးရေ ရောင်းသူများက ၅ ဂါလံ တပုံးလျှင် ယခင်က ကျပ် ၃၀၀ ရှိရာမှာ ယခုအခါ ကျပ် ၅၀၀ အထိ မြင့်တက်သွားသည်။
နွေရာသီ ခြောက်သွေ့ကာလဖြစ်သည့် ဖေဖော်ဝါရီလလယ်ပိုင်းမှ မေလလယ်အထိ သောက်သုံးရေ ပြဿနာ ပိုမိုကြီးထွားလာနိုင်ကြောင်းလည်း EAT-Burma က ခန့်မှန်းပြောဆိုသည်။
အလားတူ ဒေးဒရဲမြို့နယ်၊ အုန်းပင်ရွာရှိ ရွာသားတဦးကလည်း သောက်သုံးရေကန်တချို့တွင် လက်ကျန်ရေ ရှိနေသေးသော်လည်း မိုးဦးကာလ ရောက်သည်အထိ လုံလောက်မှု မရှိနိုင်ကြောင်း ပြောသည်။
သူက “ကျနော်တို့ ရွာနားဝန်းကျင်တ၀ိုက်မှာတော့ လောလောဆယ် ရေပြဿနာ မကြုံရသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကန်ရေတွေ ရှိနေသေးတယ်လေ။ ဒါပေမဲ့ အဲဒီကန်ရေက မိုးကျတဲ့အထိတော့ ခံမယ်မထင်ဘူး။ မကြာခင်တော့ ပြတ်တော့မှာ” ဟု ပြောသည်။
လပွတ္တာမြို့နယ်မှ ရေလမ်းဖြင့် တနာရီခန့် သွားရသည့် ဘီတွတ်ရွာတွင် ဒေသအာဏာပိုင်များက ရေသန့်စက် တလုံးဖြင့် အနီးရှိ ရွာများကို ရေဖြန့်ဝေပေးသော်လည်း မလုံလောက်ကြောင်း ရွာသားများက ပြောသည်။
ဒေသအခြေစိုက် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက ရေပြဿနာ ပြေလည်ရန် ကြိုးစားနေသော်လည်း လုံလောက်မှု မရှိသေးကြောင်း ရွာသားတချို့က ဆိုသည်။
“ထောက်ပံ့ရေး အဖွဲ့တွေကတော့ ရေပေးဝေရေးအတွက် လုပ်တော့ လုပ်နေကြတာပဲ။ ဒါပေမဲ့ လုပ်ပေးနိုင်တဲ့ ပမာဏနဲ့ လိုအပ်ချက်က ဘယ်လိုမှ မမျှဘူး ဖြစ်နေတယ်” ဟု လပွတ္တာ ဒေသခံက ပြောသည်။
သောက်ရေသန့် အခက်အခဲကို မဖြေရှင်းနိုင်ပါက လာမည့် ၂ လအတွင်း၌ ရွာသားများသည် ၀မ်းပျက်၊ ၀မ်းလျှော အပြင် အစာရေဆာ ပြတ်လပ်ခြင်းပါ ရင်ဆိုင်ရနိုင်ကြောင်း EAT-Burma က ဆိုသည်။
ထို့အတွက်ကြောင့် ရွာသားများ မြို့ပေါ်တက်လာနိုင်ကြောင်း ရေဘေးကူညီလုပ်ဆောင်နေသူက ပြောသည်။
“ရွာမှာ အခြေအနေ တော်တော်ဆိုးနေတယ်။ နောက်ပိုင်းမှာ မြို့ပေါ်ကိုတောင် ဒုက္ခသည်အဖြစ်နဲ့ ပြန်တက် လာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ဘယ်လောက်ပဲ လုပ်လုပ် လိုအပ်ချက်က အကြီးကြီးလေ” ဟု သူက ပြောသည်။
ယမန်နှစ် မေ ၂ ရက်နှင့် ၃ ရက်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းအတွင်း လူဦးရေ တသိန်းလေးသောင်းကျော် သေဆုံး၊ ပျောက်ဆုံးဖြစ်ခဲ့ပြီး လူအမြောက်အမြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
source by : http://www.mizzimaburmese.com/news/inside-burma/2541-2009-03-03-13-20-45.html
နာဂစ်ဒုက္ခသည်များ သောက်သုံးရေ အရေးပေါ် လိုအပ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment