သန်းထိုက်ဦး | ချင်းမိုင် (မဇ္ဈိမ) ။ ။ အလုံပိတ်ကားဖြင့် ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာစဉ် မွန်းကြပ် သေဆုံးခဲ့သူ မြန်မာနိုင်ငံသား ၅၄ ဦးအနက် ၃၇ ဦးအတွက် ထိုင်း အသက်အာမခံ ကုမ္ပဏီတခုက ယမန်နေ့မှ စတင်၍ လျော်ကြေးငွေအဖြစ် တဦးလျှင် ဘတ်ငွေ သုံးသောင်းခွဲစီ ပေးအပ်လိုက်သည်။
၂၀၀၈ ခုနှစ် ဧပြီလ ၉ ရက်နေ့က အသားငါးတင် ကွန်တင်နာကားဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း ခရိုင်အတွင်း ဝင်လာသူ မြန်မာ ၁၂၁ ဦးအနက် ၅၄ ဦးမှာ အသက်ရှူမွန်းကြပ် သေဆုံးခဲ့သဖြင့် ထိုင်း အသက်အာမခံ ကုမ္ပဏီ Liberty က ယခုလို လျော်ကြေးပေးခြင်း ဖြစ်သည်။
"မနေ့က လျော်ကြေးငွေ ပေးအပ်တဲ့အခါမှာ ၄၁ ယောက်ပဲ လာနိုင်တယ်။ ၄၁ ယောက် လာနိုင်တဲ့ အထဲမှာမှ စာရွက်စာတမ်းတွေ လိုအပ်ချက်ကြောင့် လက်ရှိတော့ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းရဲ့ ၃၇ ယောက်၊ တဦးစီ ဘတ်ငွေ သုံးသောင်းခွဲ ရပါတယ်" ဟု ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် - FTUB မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုတင်ထွန်းအောင်က မဇ္ဈိမကို ပြောသည်။
လျော်ကြေးငွေ လက်ခံမည့် သေဆုံးသူ ၅၄ ဦး၏ ဆွေမျိုးများအနက် ၄၁ ဦးအတွက် လာရောက်ရာ၊ စာရွက်စာတမ်းများ လိုနေသဖြင့် ၃၇ ဦးသာ ယခုလို ငွေ လက်ခံရရှိခြင်း ဖြစ်သည်။
ကိုတင်ထွန်းအောင်က "ဥပဒေအရ ရမယ့် ငွေက ဘတ်ငွေ တသိန်းပါ။ ဒါပေမယ်လို့ အမှုကိစ္စကို တရားရုံးမှာ ဆက်လက် ဆောင်ရွက်ပြီးတော့ တရားရုံး ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး နောက်ထပ် ကျန်နေတဲ့ ဘတ်ငွေ ခြောက်သောင်းခွဲကို အာမခံ ကုမ္ပဏီက ထပ်ပေးမှာပါ" ဟု ပြောဆိုသည်။
''ကျနော်တို့ အချိန် အနည်းငယ်တော့ ကြာအုံးမယ် ထင်တယ်။ ဘာဖြစ်လဲဆိုတော့ ထိုင်းတရားရုံးကနေပြီးတော့ ဒီအမှုကို စစ်ဆေးတဲ့ အပေါ်မှာ၊ ဆုံးဖြတ်ချက်တွေ အပေါ်မှာ မူတည်တယ်။ အခုအချိန်မှာ ပြောဖို့တော့ ခက်လိမ့်မယ်'' ဟု သူက ဆိုသည်။
မြန်မာလုပ်သားများ စီးနင်းခဲ့သည့် ကားမှာ Liberty အသက်အာမခံ ကုမ္ပဏီတွင် အသက်အာမခံကြေး ထားရှိသဖြင့် ထိုင်း ဥပဒေအရ ကားနှင့် ပတ်သက်၍ အသက်ဆုံးရှုံးခဲ့ကြောင်း ထင်ရှားပါက တဦးလျှင် လျော်ကြေးအဖြစ် ဘတ်ငွေ ၁ သိန်း ခံစားခွင့် ရှိသည်။
လျော်ကြေးငွေ ရရှိရေးအတွက် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ - TACDB မှ ထိုင်းရှေ့နေများ အပါအ၀င် ကော့သောင်းရှိ မြန်မာအာဏာပိုင်များနှင့် FTUB က ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံသားများသည် ကွန်တင်နာကားဖြင့် ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာစဉ် ရနောင်းနှင့် ဖူးကက်မြို့ အကြားရှိ စွတ်ဆမ်ရန်မြို့အနီးတွင် အသက်ရှုကြပ်၍ သေဆုံးခဲ့သည်။
အသက်မသေဘဲ ကျန်ရှိသူ ၆၇ ဦးကို ထိုင်း လူဝင်မှုကြီးကြပ်ရေး - လဝက (ရနောင်း) အချုပ်တွင် ရက်သတ္တ နှစ်ပတ်ခန့် ထိန်းသိမ်းပြီးနောက် မြန်မာနယ်စပ်သို့ ပြန်ပို့ခဲ့ပြီးဖြစ်သည်။
အမှုနှင့် ပတ်သက်၍ ကားမောင်းသူနှင့် ကားပိုင်ရှင်အား ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ထိုင်းတရားရုံး တခုက ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့သော်လည်း အပြစ်ရှိကြောင်း ၀န်ခံကြသဖြင့် ၆ နှစ်စီ ပြစ်ဒဏ်လျှော့ပေးခဲ့သည်။
အလုပ်အကိုင် ရှာဖွေရန်အတွက် ထိုင်းနိုင်ငံသို့ ဝင်ရောက်စဉ် လမ်းခုလပ်၌ ယခုလို အဖြစ်ဆိုး ကြုံတွေ့ခဲ့ရသော မြန်မာပြည်သား အများစုမှာ မွန်ပြည်နယ် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်နှင့် ချောင်းဆုံမြို့များမှ ဒေသခံများ ဖြစ်ကြသည်။
source by : http://www.mizzimaburmese.com/news/regional/2472-2009-02-19-10-56-13.html
အသက်ရှုကြပ် သေဆုံးသူ မြန်မာများအတွက် ထိုင်းကုမ္ပဏီက လျော်ကြေးပေး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment