မင်းနိုင်သူ | ပြင်ပလောင်စာဆီဈေးနှုန်း ကျဆင်းလာနေသော်လည်း အစိုးရလောင်စာဆီဈေး ချပေးမှုမရှိခြင်း၊ လမ်းတံတားကြေး များပြားနေခြင်းတို့ကြောင့် ကားခများ သိသာစွာ ချထားပေးနိုင်ခြင်းမရှိဟု ဘုရင့်နောင် အဝေးပြေးဝင်းမှ ရန်ကုန်-မန္တလေး ကားဂိတ်ပိုင်တဦးက ပြောသည်။
ပြင်ပဈေးကွက်တွင် ဓာတ်ဆီ တဂါလန် (၂,၀၀၀)၊ ဒီဇယ် (၂,၃၀၀) ကျပ်သာရှိချိန်တွင် အစိုးရဆိုင်များမှ ဓာတ်ဆီတဂါလန် (၂,၅၀၀)၊ ဒီဇယ် (၃,၀၀၀) ကျပ်နှုန်းဖြင့်သာ ထုတ်ယူနေကြရဆဲဖြစ်ကာ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ်တွင်လည်း တန်ပိုကတ္တားဂိတ်များ ပိုတိုးလာနေကြောင်း ယာဉ်ပိုင်ရှင်များက ဆိုသည်။
လောင်စာဆီဈေးနှုန်းများ တပေပါကျပ် (၂) သိန်းကျော်ရှိနေရာမှ ကျပ် (၁) သိန်းကျော်သာ ရှိတော့သည့်အချိန် တွင် ရန်ကုန်-မန္တလေးကုန်တင်ခများမှာ တပိဿာကျပ် (၄၀) နှုန်းမှ ကျပ် (၃၀) နှုန်းသို့ ကျဆင်းခဲ့သော်လည်း ကုန်သည်များက ထို့ထက်ပိုချထားပေးရန် လိုလားကြသည်။
“ဆီဈေးက ထက်ဝက်ကျသွားပြီလေ။ တန်ဆာခတွေက အခုနည်းနည်းပဲကျတယ်။ တကယ်ဆို ဒီထက်ပိုချ ထားပေးသင့်တယ်” ဟု မန္တလေးမြို့ခံ ကုန်သည်တဦးက ပြောသည်။
အဝေးပြေးယာဉ်ပိုင်ရှင်တဦးက “အပြင်ဆီဈေးကျတာ မှန်တယ်ဗျာ။ ဒါပေမယ့် အစိုးရထုတ် ဆီဈေးက ချမပေးသေးဘူးလေ။ အပြင်ဈေးကျလို့ အပြင်ကချည်းပဲ ၀ယ်ထည့်လို့ ရတာမဟုတ်ဘူး။ အစိုးရက သူ့ဆီ မ၀ယ်ရင် ဆီစာအုပ်သိမ်းဦးမှာ။ အဲဒီတော့ အစိုးရဆီကိုလည်း မဖြစ်မနေ၀ယ်နေရသေးတာ” ဟု ပြောသည်။
အစိုးရစက်သုံးဆီ ၀ယ်ယူမှု စာအုပ်နောက်ကျောတွင် အစိုးရလောင်စာဆီကို နှစ်လထက်ကျော်လွန်၍ ၀ယ်ယူခြင်းမပြုခဲ့ပါက လောင်စာဆီဝယ်ယူခွင့် ပိတ်မည်ဟု ရေးထားသဖြင့် ယာဉ်ပိုင်ရှင်များအနေဖြင့် မဖြစ်မနေ ၀ယ်ယူနေကြရဆဲဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့လောင်စာဆီဈေးတက်မှုကို အကြောင်းပြကာ အစိုးရက ၂၀၀၇ ခုနှစ် သြဂုတ်လ (၁၅) ရက်တွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ တဂါလန် (၁,၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချနေရာမှ ဓာတ်ဆီ (၂,၅၀၀)ကျပ်၊ ဒီဇယ် (၃,၀၀၀) ကျပ်သို့ တိုးမြှင့်ခဲ့သည်။ ယခု ကမ္ဘာ့လောင်စာဆီဈေးနှုန်း ကျဆင်းလာသော်လည်း ချရောင်းပေးခြင်း မရှိသေးပေ။
“တန်ပိုကတ္တားဂိတ် (၂) ခု ဒီနှစ်ဆန်းပိုင်းမှာပဲ ထပ်တိုးသွားတယ်လေ။ ပျဉ်ပုံကြီးနဲ့ စဥ့်ကိုင်မှာ။ နောက်ပြီး ဆွာ၊ ညောင်လေးပင်တို့မှာလည်း တိုးဦးမှာ။ နောက်ပိုင်း မိုင် (၅၀) ကို တဂိတ်ထားမယ်ကြားတယ်။ တံတားကြေး တွေကလည်း တက်တယ်လေ။ အရင်တသောင်းလောက်ပေးရတဲ့ တံတားတွေကို အခု တသောင်းနှစ်ထောင်၊ တသောင်းသုံးထောင်ပေးနေကြရတာ” ယာဉ်ပိုင်ရှင်က ပြောသည်။
ရန်ကုန်- မန္တလေးအဝေးပြေးလမ်းမကြီးကို အစိုးရက ပုဂ္ဂလိကကုမ္ပဏီများကို၂၀၀၃ ခုနှစ်မှ စတင်လုပ်ကိုင် စေကာ လုပ်ကိုင်သည့် လမ်းပိုင်းအလိုက် အခွန်ကောက်ခံမှုလုပ်ငန်းများကို ပြန်လည်ချထားပေးခဲ့သည်။ ကားများ ကတ္တားတက်ရာတွင် ကုမ္ပဏီတခုနှင့်တခု ကောက်ယူသည့်နှုန်းထားမတူကြောင်း သိရသည်။
ကားတန်ဆာခများ ဈေးချမပေးနိုင်သကဲ့သို့ ကုန်ရရှိမှုကလည်း လျော့ကျနေကြောင်း ဘုရင့်နောင် အဝေးပြေး ဂိတ်ပိုင်တဦးကဆိုသည်။ ယခင်က ဂိတ်တခုမှ တရက်လျှင် ကုန်ကားသုံးစီးစာအထိ ကုန်ရှာပေးနိုင်သော်လည်း ယခုအခါ တရက်တစီးစာရအောင် မနည်းအားထုတ်နေကြရသည်ဟု ဂိတ်ပိုင်နှင့် ယာဉ်ပိုင်ရှင်များကပြောသည်။
“အရင်က အစိုးရစီမံကိန်း ကုန်လေးတွေ ရတတ်တယ်။ သွပ်၊ ဘိလပ်မြေ၊ သံချောင်း၊ ကတ္တရာပုံး အဲဒါမျိုးလေးတွေပေါ့။ အခု အဲဒါတွေ လုံးဝမရကြတော့ဘူး။ ဘာ့ကြောင့်လည်းတော့ မသိဘူးလေ။ ဂိတ်တိုင်း အဲလိုဖြစ်နေကြတာ။ အရပ်ကုန်ကိုပဲ အားထားနေကြရတယ်။ အရပ်ကုန်ကလည်း စီးပွားရေးကျနေတော့ ပါးပါတယ်။ ဆီဈေးကျပေမယ့် ကားသမားတွေလည်း မကိုက်ဘူးရယ်။ အခွန်အကောက်တွေ လျှော့ပေးမှသာ တန်ဆာခကို ဒီထက်ပို လျှော့ပေးလို့ရမှာ” ဟု ဂိတ်ပိုင်က ပြောသည်။
source by : http://www.khitpyaing.org/news/February_09/12-2-09a.php
လောင်စာဆီဈေးကျသော်လည်း အဝေးပြေးကား တန်ဆာခ မကျ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment