သတင်း မုံပီး မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ အခိုင်မာဆုံးမဟာမိတ် တရုတ်နိုင်ငံသည် အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးများ အပေါ် သြဇာရှိသည့် တခုတည်းသော နိုင်ငံဟု နိုင်ငံတကာက ထင်မှတ်သော်လည်း ဗိုလ်ချုပ်ကြီး များသည် သူတို့၏ အကိုကြီး တရုတ်နိုင်ငံက ပြောသည်ကို လိုက်မလုပ်ဘဲ ခေါင်းမာနေသည့် အတွက် တရုတ်အနေဖြင့် ခက်ခဲသော အခြေအနေတရပ် ရင်ဆိုင်နေရကြောင်း အကဲခတ်တဦးက ဆိုလိုက်သည်။
အကြံပေးချက်များကို လိုက်နာရန် ခေါင်းမာစွာ ငြင်းဆန်နေသည့်အတွက် တရုတ်အနေဖြင့် လောလော ဆယ်တွင် တင်းကျပ်သော အနေအထားတွင် ရောက်ရှိနေကြောင်း နှစ်နိုင်ငံနယ်စပ် ရွှေလီမြို့တွင် နေထိုင်ကာ တရုတ်-မြန်မာ ဆက်ဆံရေးကို ကြာမြင့်စွာ အကဲခတ်လေ့လာနေသူ ဦးမြမောင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
တရုတ်၏ အကြံပြုချက်များတွင် အတိုက်အခံများနှင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် စစ်အစိုးရက မေလဆန္ဒခံယူပွဲတွင် အတည်ပြုပြီးဖြစ်သည်ဟု ပြောဆိုနေသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်စဉ်းစားရန်တို့ အံ့အားသင့်စရာ ကောင်းလောက်အောင် ပါဝင်နေသည်ဟု သူက ပြောသည်။
ဦးမြမောင်က "ဒါပေမဲ့ ခက်နေတာက တရုတ်အတွက်လည်း သူ့အမျိုးသား အကျိုးစီးပွားက ရှိနေတော့ စစ်အစိုးရ အပေါ် အပြင်းအထန် ဖိအားပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး" ဟု ပြောသည်။
တရုတ်က မြန်မာထံမှ လိုချင်နေသော စီးပွားရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ယူနန်ပြည်နယ်သို့ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေးနှင့် စစ်တွေဆိပ်ကမ်းကို ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုခွင့်ရရေးတို့မှာ အရေးပါသည်ဟု သူက ဆိုသည်။
"တရုတ်က စစ်အစိုးရရဲ့ လမ်းပြမြေပုံကို ထောက်ခံတယ်လို့ ထင်စရာရှိတယ်။ ဒါပေမဲ့ သူတို့အတွက် ပိုအရေးကြီးတာက တိုင်းပြည်တွင်းမှာ တစုံတရာ တည်ငြိမ်မှုရှိနေဖို့ပဲ" ဟု ဦးမြမောင်က ပြောသည်။
စစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည့် အမေရိကန်နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ လုပ်ရပ်ကို အပြင်းအထန် ဆန့်ကျင်ခဲ့သော တရုတ်နိုင်ငံအတွက် ကုလသမဂ္ဂ၏ ကြံဆချက်များမှာ မြန်မာ့နိုင်ငံရေး အဖြေရှာရေးအတွက် စံကျသော တွေးဆချက်များဖြစ်သည်ဟု တရုတ်က ရှုမြင်သည်ဟု သူက ပြောသည်။
တရုတ်က ဆက်ဆံရေးမူဝါကို ယုံကြည်သော်လည်း တာဝန်ခံမှုရှိပြီး အင်အားကောင်းကာ တည်ငြိမ်သည့် အစိုးရတရပ် ရှိစေလိုသည်ဟုလည်း သူက ဆိုသည်။
လတ်တလောတွင် အမေရိကန်နှင့် ဥရောပသမဂ္ဂက မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်အရေးယူထားသည်။
ဦးမြမောင်၏ သုံးသပ်ချက်ကို ထောက်ခံသည့် လျှို့ဝှက်အစီရင်ခံစာ တစောင်ကိုလည်း မဇ္ဈိမက ရရှိထားသည်။ ထိုအစီရင်ခံစာအရ မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာကျွမ်းမူ (Juan Mu) က မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနှင့် ယမန်နှစ်အစောပိုင်းက တွေ့ဆုံရာတွင် ကုလအထူးသံတမန် မစ္စတာအီဘရာဟင် ဂမ်ဘာရီနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် စပ်လျဉ်းသည့် သူ့အကြံပြုချက်များကို လိုက်နာလုပ်ဆောင်ပါရန် မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တရုတ်သံအမတ်ကြီးတို့၏ တွေ့ဆုံပွဲအစည်းအဝေး မှတ်တမ်းတွင် ဖော်ပြထားသည်မှာ မစ္စတာဂမ်ဘာရီ၏ ပါဝင်လုပ်ဆောင်နိုင်မှု အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးသည့်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် မစ္စတာဂမ်ဘာရီတို့ သုံးပွင့်ဆိုင် တွေ့ဆုံခွင့် ပေးရန်နှင့် သူ့ကို မြန်မာနိုင်ငံတွင်းသို့ အကြိမ်ကြိမ်ဝင်ရောက်ခွင့် ဗီဇာပေးရန်၊ ရန်ကုန်မြို့တွင် ဆက်သွယ်ရေးရုံး ဖွင့်လှစ်ခွင့်ပေးရန်တို့ကို ဦးဉာဏ်ဝင်းအား တရုတ်သံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့သည်ဟု ဖော်ပြ ထားသည်။
ထို့ပြင် တရုတ်နိုင်ငံသည် ကုလသမဂ္ဂ၏ ကြံဆချက်များကို ထောက်ခံကြောင်းနှင့် အထူးသံတမန် အီဘရာဟင် ဂမ်ဘာရီကို လိုအပ်သော ထောက်ပံ့ကူညီမှုများ ပေးအပ်ရန် အသင့်ရှိကြောင်းလည်း သံအမတ်ကြီး မစ္စတာ ကျွမ်းမူ က ပြောကြားခဲ့သည်။
သို့သော် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နောက်ထပ် ရုပ်သေးရုပ် တရုပ်မျှသာဖြစ်သော နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဂမ်ဘာရီ၊ ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးပွင့်ဆိုင် တွေ့ဆုံခွင့်ပေးရေး မေတ္တာရပ်ခံချက်ကို မဖြစ်နိုင်ကြောင်း ပြောဆိုငြင်းပယ်ခဲ့ပြီး၊ စစ်အစိုးရ အငယ်တန်း တာဝန်ရှိသူ အရာရှိများနှင့် တွေ့ဆုံခွင့်ရရေးကိစ္စကိုမူ အာမခံခဲ့သည်။
ထို့ပြင် မစ္စတာဂမ်ဘာရီကို မြန်မာနိုင်ငံတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက်ခွင့်ဗီဇာကို စစ်အစိုးရကို ခွင့်မပြု နိုင်ကြောင်းနှင့် ရန်ကုန်မြို့တွင် ဆက်သွယ်ရေးရုံးတရုံး ဖွင့်လှစ်ခွင့်လည်း မပေးနိုင်ကြောင်း ဦးဉာဏ်ဝင်းက မစ္စတာကျွမ်းမူနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
သို့သော် တရုတ်နိုင်ငံ၏ သဘောထားကို ကိုယ်စားပြုသူ တရုတ်သံအမတ်ကြီး မစ္စတာကျွမ်းမူကမူ တရုတ် နိုင်ငံအနေဖြင့် မြန်မာ့အခြေအနေကို နားလည်သဘောပေါက်ပါကြောင်းနှင့် စစ်အစိုးရက စီစဉ်ထားသော လမ်းပြမြေပုံကို နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ရန်ကုန်မြို့ရှိ သံတမန်အသိုင်းအဝိုင်း နားလည် သဘောပေါက်စေရန် မိမိတို့၏ အရှိန်အဝါသြဇာကို အသုံးပြုပြောကြားပေးပါမည်ဟု မစ္စတာကျွမ်းမူက ဦးဉာဏ်ဝင်းကို ပြောကြားခဲ့သည်ဟု ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် တည်ငြိမ်သော မြန်မာနိုင်ငံကို မြင်တွေ့လိုသော်လည်း မကြာသေးခင်ရက်များအတွင်း စစ်အစိုးရအပေါ် သြဇာမရှိဖြစ်ခဲ့ရသည်ဟု ဦးမြမောင်က ပြောသည်။ ကြောက်မက်ဖွယ်ကောင်းလှသော နာဂစ်ဆိုင်ကလုံး မုန်တိုင်းအပေါ် တုံ့ပြန်မှုကိစ္စအပါအဝင် ကိစ္စတော်တော်များများတွင် ထိုသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သည့် စစ်အစိုးရအပေါ် မိမိတို့၏ သြဇာအရှိန်အဝါကို သုံးစွဲရာတွင် မအောင်မမြင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
"ဒါဟာ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် သြဇာအရှိန်အဝါ အများကြီးရှိတဲ့ တရုတ်နိုင်ငံတောင်မှ ဗိုလ်ချုပ်ကြီး တွေနဲ့ ဆက်ဆံရာမှာ ခက်ခဲကျပ်တည်းလာနေပြီ ဆိုတာကို ပြတဲ့ လက္ခဏာတရပ်ပဲ။ သူတို့အနေနဲ့လည်း သူတို့အကျိုးစီးပွားအတွက် ပြန်ပြီး စဉ်းစားရတော့မယ့် အခြေအနေဖြစ်လာနေပြီ" ဟု ဦးမြမောင်က နိဂုံးချုပ် ပြောကြားသွားသည်။
မြန်မာဗိုလ်ချုပ်ကြီးများအပေါ် တရုတ်၏ သြဇာမှေးမှိန်သွားပြီလော
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment