![]() |
အဆိုပါ စာမျက်နှာ ၁၂၀ ကျော်ရှိ စာအုပ်သည် စာရေးသူ၏ ဘ၀ ဖြတ်သန်းမှု အတွေ့အကြုံများကို သတင်း မီဒီယာများတွင် အင်္ဂလိပ် ဘာသာ ဖြင့်ရေးသားထားသည့် စာများဖြစ်ပြီး အသစ်ရေးသားသည့် ဆောင်းပါး ၅ ပုဒ်ခန့် ထပ်မံဖြည့်စွက် ပုံနှိပ်ထားခြင်း ဖြစ်သည် ဟု စာရေးသူ ကိုထက်အောင်ကျော်က စာအုပ်မိတ်ဆက်ပွဲတွင် ပြောကြားသည်။
“ဒီစာအုပ်ကတော့ ကျနော့်ရဲ့ ဒီဘက် Exile ဘ၀ အနှစ် ၂၀ မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို ပြန်ရေးသား တင်ပြထားတဲ့ စာတွေပါပဲ”ဟု ကိုထက်အောင်ကျော်က ပြောပြသည်။
ယင်း ကိုထက်အောင်ကျော်သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံတွင်ပါဝင် လှုပ်ရှားခဲ့သော ထားဝယ်မြို့မှ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည်။
အမည်ရင်း ကိုဝင်းထိန်ဟု ခေါ်သော ကိုထက်အောင်ကျော်သည် ၁၉၈၈ ခု နှစ် စက်တင်ဘာ ၁၈ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်တနေ့ စက်တင်ဘာ ၁၉ ရက် တွင် ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေသို့ထားဝယ် မြို့မှ ကျောင်းသား တချို့နှင့်အတူ ထွက်ခွာလာခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)ဖွဲ့စည်း လှုပ်ရှားရာတွင် ဦးဆောင်မှုအပိုင်းမှ ပါဝင်ခဲ့သူလည်း ဖြစ်သည်။
၎င်းသည် စစ်အစိုးရကို လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲနေရင်း ၁၉၉၅ ခုနှစ်မှ စတင်၍ နော်ဝေးနိုင်ငံ အော်စလိုမြို့ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ(ဒီဗီဘီ)အတွက် သတင်းထောက် တာဝန်ကို ထမ်းဆောင်ခဲ့ ရာ ယနေ့အချိန်အထိ အကြီးတန်း သတင်းထောက်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ကိုထက်အောင်ကျော်က“ဒီနေ့ သတင်းသမားအလုပ်က ပိုပြီးတာဝန်ကြီးပါတယ်၊ ကျနော်ရေးသားလိုက်တဲ့ စာလုံး တလုံး၊ စာတပုဒ်ဟာ စာဖတ်သူအများစု အတွက် အဆိပ်အတောက် မဖြစ်ဖို့ အများကြိးသတိထားရပါတယ်”ဟု စာအုပ်မိတ်ဆက်ပွဲတွင် ပြောဆိုသည်။
ဤစာအုပ်ကို ဖတ်ရှုလိုသူများ ယခု လိပ်စာ http://htetaungkyaw22.blogspot.com/ တွင် တအုပ် လျှင် ၁၀ ဒေါ်လာဖြင့် ၀ယ်ယူရရှိနိုင်ပါသည်။









0 comments:
Post a Comment