မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန် မဖွင့်နိုင်ခြင်းမှာ ထိုင်းနိုင်ငံရေးနှင့် မဆိုင်

Friday, December 12, 2008 ·

သတင်း NEJ ခေတ်ပြိုင် | ထိုင်း-မြန်မာနယ်စပ် မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်ဖွင့်ပွဲကို ဒီဇင်ဘာလဆန်းတွင် မဖွင့်နိုင်ဘဲ ရက်ရွှေ့ဆိုင်းလိုက်သည့်ကိစ္စမှာ ထိုင်းနိုင်ငံရေးအခြေအနေနှင့် လုံးဝဆက်စပ် ပတ်သက်မှုမရှိဘဲ မြန်မာဘက်မှ ဖွင့်လှစ်ရန် အရန်သင့်မဖြစ်သေးသဖြင့် ရက်ရွှေ့ဆိုင်းခြင်းသာ ဖြစ်သည်ဟု မြဝတီမြို့ခံ ကုန်သည်တဦးက ပြောသည်။

၎င်းက “ဒီလ (၇)ရက်နေ့မှာ မြဝတီကုန်သွယ်ရေးဇုံဖွင့်မယ် ဆိုပြီးတော့ အခုရက်ထပ်ရွှေ့ပြန်ပြီ။ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ပြောတာက ထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ များကြောင့် ဖွင့်ပွဲရက်ကို ရွှေ့ဆိုင်းထားတယ်လို့ ပြောတယ်။ ဒါလုံးဝမဟုတ်ဘူး။ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနက လူကြီးတွေက နာမည်လိုချင်တယ်။ ဒါပေမယ့် အလုပ်ကဘာမှမပြီးသေးဘူး။ ဖုန်တထောင်းထောင်း နဲ့ လမ်းတွေလည်း ဘာမှမပြီးသေးဘူး။ အဆောက်အဦတွေလည်း တိုးလိုးတန်းလန်းနဲ့ ဆောက်တုန်းပဲ။ ဒီကုန်သွယ်ရေး ဇုန်ခွင်ထဲမှာ မီးစက်နဲ့ပဲ အလုပ်လုပ်ကိုင်နေကြတယ်။ ထိုင်းက သွယ်မယ့် မီးကအခုမှ မီးတိုင် ထူတုန်းပဲရှိသေးတယ်။ ဒီနှစ်မတ်လ (၂၇) ရက်နေ့တုန်းကလည်း ဖွင့်မယ်ဆိုပြီးပြောတယ်။ မဖွင့်ဖြစ်ဘူး။ ဒီနှစ်လယ်မှာဖွင့်ဖို့ ကျတော့လည်း မဖြစ်ဘူး။ ဒီလ (၇) ရက်နေ့လည်း ပျက်ပြန်ပြီ။ ကျနော်တို့ကြားတဲ့ သတင်း ကတော့ နေပြည်တော်ကနေပြောတာက မင်းတို့ဒီဇုန်ကို အားလုံးအပြီးအစီးဖြစ်မှ တခါတည်း ဖွင့်ပွဲလုပ်ဖို့ ပြောတယ်။ ဇုန်ကြီးတခုလုံး မပြီးသေးပေမယ့် ထိုင်းနဲ့ ကုန်သွယ်ရေးကိုတော့ ဒီဇုန်ကနေလုပ်နေတာ ဟိုး ၂၀၀၆ ကတည်းက လုပ်နေတာပါ” ဟု ခေတ်ပြိုင်သို့ပြောသည်။

မြဝတီမြို့ပြင် (၂) မိုင်အကွာအဝေးတွင် တည်ရှိသည့် မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်ကို အကျယ်အဝန်း မြေဧက (၄၆၆) ပေါ်တွင် ၂၀၀၆ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အေးရှားဝေါလ်၊ မက်စ်မြန်မာ၊ ရွှေဝါမြေ၊ ဧဒင်နှင့် Ever Green မြန်မာ ကုမ္ပဏီငါးခုက ကန်ထရိုက်ယူ၍ ဆောက်လုပ်နေခြင်းဖြစ်သည်။

တည်ဆောက်ရေးလုပ်ငန်းများကို အဆင့်သုံးဆင့်ခွဲကာ တည်ဆောက်လျက်ရှိပြီး ပို့ကုန်သွင်းကုန် စစ်ဆေးရေး စခန်းများ၊ ကုန်စည်ပြခန်းနှင့်လူနေပွဲရုံများ၊ ဆိုင်ခန်းများ၊ အအေးခန်း ကုန်တိုက်နှင့် ဟိုတယ်များ ပါဝင်ပြီး တည်ဆောက်ရေးလုပ်ငန်း သုံးနှစ်ကြာမြင့်ခဲ့သော်လည်း လုပ်ငန်းပြီးစီးမှု နှောင့်နှေးမှုများကြောင့် ယနေ့တိုင် မဖွင့်လှစ်နိုင်ဘဲ ဆောက်လက်စ စီးပွားရေးဇုန်မှတဆင့် ထိုင်းဘက်သို့ တရားဝင်ကုန်သွယ်မှု ပြုလုပ် လျက်ရှိသည်။

တရားဝင် မြဝတီကုန်သွယ်ရေးဇုန် ဖွင့်လှစ်မှုမရှိသေးသော်လည်း ၎င်းဇုန်မှ ထိုင်းဘက်သို့ ရေထွက်ပစ္စည်းများကို အဓိကထား တင်ပို့လျက်ရှိပြီး ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်အတွင်း အောက်တိုဘာလကုန်ပိုင်းအထိ ရေထွက် ပစ္စည်းမျိုးစုံ (၅၄) မျိုးကို ပြည်တွင်းကုမ္ပဏီ (၂၆) ခုမှ တန်ချိန် (၇၁၄၅ ဒဿမ ၀၈၈၉) တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၄၂၇၂၄၄၀ ဒဿမ ၂၁၅) ရရှိပြီး တလလျှင် ပျမ်းမျှ (၁၀၂၀) တန် အမေရိကန်ဒေါ်လာ
(၂ ဒဿမ ၀၄) သန်း ပုံမှန်ရရှိနေသည်ဟု ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ မှတ်တမ်းများအရ သိရှိရသည်။

၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ်၏ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ဧပြီလမှ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ (၁ ဒဿမ ၉၄၃) ဘီလီယံ ရှိခဲ့ပြီး မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမှုဖြင့် အမေရိကန်ဒေါ်လာ (၁ ဒဿမ ၆၉၄) ဘီလီယံ ရရှိခဲ့သည်ဟု နယ်စပ်ကုန်သွယ်ရေး မှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကျသော ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်တွင် နှစ်နိုင်ငံကုန် သွယ်မှု အမေရိကန်ဒေါ်လာ (၂ ဒဿမ ၆၆၉) ဘီလီယံရှိခဲ့ပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့တင်ပို့မှု
(၂ ဒဿမ ၄၀၉) ဘီလီယံ ရရှိခဲ့သည်။ နှစ်နိုင်ငံကုန်သွယ်မှုမှာ မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏ၏ (၃၀) ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။

မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ပို့ကုန်များအဖြစ် ရေထွက်ပစ္စည်း၊ စစ်မှုကုန်ချောပစ္စည်း၊ လယ်ယာထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းများနှင့် အခြားပစ္စည်းများ တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဓာတ်မြေသြဇာ၊ ကော်စေ့၊ လူသုံးကုန်၊ သစ်သီးဝလံနှင့် အခြားစားသောက်ကုန်ပစ္စည်းများ တင်သွင်းလျက်ရှိသည်။

တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ပြီးလျှင် မြဝတီနယ်စပ် ကုန်သွယ်ရေး ဇုန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန် ဖြစ်လာမည်ဟု သိရှိရသည်။ လက်ရှိ မြန်မာ နိုင်ငံတွင် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်း (၁၃) ခုတွင် မြဝတီကုန်သွယ်ရေးဇုန် လည်း အပါအဝင် ဖြစ်သည်။ ထိုင်းဘက်သို့ ကုန်ပစ္စည်းတင်ပို့နေသည့် လမ်းကြောင်းများမှာ တာချီလိတ်၊ မယ်ဆိုင်၊ မယ်ဟောင်ဆောင်၊ ဘုရားသုံးဆူနှင့် မြဝတီတို့ဖြစ်ပြီး မဲဆောက်-မြဝတီ လမ်းကြောင်းမှာ ထိုင်းထုတ်ကုန်များ အများဆုံးတင်သွင်းသည့် လမ်းကြောဖြစ်သည်။

မြဝတီမှ ရန်ကုန်သို့ (၂၆၅) မိုင် အကွာအဝေးရှိပြီး နေပြည်တော်သို့ (၃၈၉) မိုင် အကွာအဝေးရှိသည်။ ကားလမ်းခရီးဖြင့်သွားပါက မြဝတီမှရန်ကုန်သို့ (၁၆) နာရီခန့်သာ ကြာမြင့်သောကြောင့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောတွင် မြဝတီနယ်စပ် လမ်းကြောအား အများဆုံးအသုံးပြု ကုန်သွယ်ကြခြင်းဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */