သတင်း ဇာနည်ဝင်း ဧရာဝတီ | ထိုင်းပါလီမန်က အတိုက်အခံ ခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝကို ၀န်ကြီးချုပ်သစ် အဖြစ် ယနေ့ ရွေးချယ် လိုက်ရာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ နောက်လိုက် များက ပါလီမန် အဆောက်အဦကို နာရီဝက်ကြာ ၀န်းရံပိတ်ဆို့၍ ဆန္ဒပြခဲ့ကြသည်။
![]() ဝန်ကြီးချုပ်သစ် အဖိဆစ် ဝေ့ချာချီဝ (ဓာတ်ပုံ - အေအက်ဖ်ပီ) |
အဖိဆစ်သည် ထိုင်းနိုင်ငံ နာမည်ကြီး တက္ကသိုလ်များ နှင့် ဗြိတိန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်တို့တွင် ပညာသင် ယူခဲ့သည်။ လူကုံထံပညာတတ်အသိုင်းအ၀န်းမှ ဆင်းသက်လာသူဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်တွင် ထိုင်းနိုင်ငံရေး လောကသို့ ရောက်ရှိလာသည်။ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းသူအဖြစ် ထင်ရှားသည်။
မကြာသေးမီက ၀န်ကြီးချုပ်ဟောင်းသက်ဆင်၏ပါတီကို ထောက်ခံခဲ့သော နိုင်ငံရေးပါတီငယ် ၃ ခုက အဖိဆစ်၏ ဒီမိုကရက်တစ်ပါတီနှင့် ပူးပေါင်းခဲ့သည်။ ထိုသို့သွားရောက်ပူးပေါင်းသူများကို ပြိုင်ဘက်ပါတီက ငွေကြေး အမြောက်အများ ပေးပြီး ဆွဲဆောင်စည်းရုံးရန် ကြိုးစားခဲ့သည်ဟူသောသတင်းများ ထွက်ပေါ်ခဲ့သည်။ အမတ်တဦးလျှင် ဘတ်သန်း ၅၀ ကျော် (ဒေါ်လာ ၁.၆ သန်း) ကျစီ မက်လုံးပေးပြီး စည်းရုံးခဲ့သည်ဟု ဆိုသည်။
ယခု ရွေးချယ်ခံရသူ ထိုင်းနိုင်ငံ၏ ၂၇ ဦးမြောက် ၀န်ကြီးချုပ်သစ် အဖိဆစ် ဝေ့ချာချီဝကို နိုင်ငံရေး မတည်ငြိမ်မှုများ အပြင် အလုပ်လက်မဲ့ပြဿနာ၊ ထိုင်းနိုင်ငံတောင်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတို့ကလည်း စောင့်ကြိုနေသည်။
ယမန်နေ့က ပြည်ပရောက်ဝန်ကြီးချုပ်ဟောင်းသက်ဆင်အား ထောက်ခံသူ လေးသောင်းကျော် တက်ရောက်သည့် ဆန္ဒပြပွဲကြီးတခုကို ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ကြသည်။ ၂၀၀၆ ခုနှစ်တွင် ထိုင်း တပ်မတော်က မစ္စတာသက်ဆင်ထံမှ အာဏာ သိမ်းယူလိုက်ပြီး နောက်ပိုင်း ထိုင်းနိုင်ငံ၏ မတည်ငြိမ်မှု ပိုမိုကြီးထွားလာသည်။ မစ္စတာသက်ဆင်နောက်ပိုင်း ရွေးချယ်ခံခဲ့ရသည့် ၀န်ကြီးချုပ် ၃ ဦးအနက် ၂ ဦးသည်လည်း ဥပဒေချိုးဖောက်မှုများကြောင့် ရာထူးမှ ဖယ်ရှားခံရသည်။
“အခြေအနေက အားနည်းတဲ့ ညွန့်ပေါင်းအစိုးရဖြစ်လာလိမ့်မယ်” ဟု ယမန်နေ့က အဖိဆစ်နှင့် သွားရောက် တွေ့ဆုံခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ နိုင်ငံခြားရေးဌာန အတွင်းရေးမှူး ကိုမိုးဇော်ဦးက သုံးသပ်သည်။
“သူ့အပေါ် ကျရောက်လာတဲ့ တာဝန်ကို သူရှောင်လို့မရဘူး။ ထိုင်းနိုင်ငံက သူ့လက်ထက်မှာတော့ အများကြီး မျှော်လင့်လို့ မဖြစ်ပါဘူး” ဟု ဆိုသည်။









0 comments:
Post a Comment