သတင်း ဆလိုင်းပီပီ မဇ္ဈိမ | နယူးဒေလီ။ ။ စစ်ရေးအပါအ၀င် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်သွားရန် တရုတ်၊ မြန်မာ စစ်တပ်အကြီးတန်း အရာရှိများသည် စနေနေ့က သဘောတူခြင်းသည် နှစ်နိုင်ငံ နီးကပ်လာမှုကို အထင်အရှား ပြသခြင်း ဖြစ်ကြောင်း အကဲခတ်များက ပြောဆိုကြသည်။
မြန်မာစစ်တပ်တွင် နံပါတ် ၃ အဆင့်ရှိ ဗိုလ်ချုပ်ကြီး သူရရွှေမန်းက တရုတ်ကိုယ်စားလှယ် ချန်ဘင်ဒီနှင့် စနေနေ့က တွေ့ဆုံပြီးနောက် စစ်ဘက်အပြင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် ခရီးသွားလုပ်ငန်းတွင် သဘောတူညီမှု ရရှိခြင်းအပေါ် မြန်မာအကဲခတ်များက ပြောဆိုခြင်း ဖြစ်သည်။
"ဒီဟာက မြန်မာစစ်အစိုးရက တရုတ်ကို မျက်နှာသာပေးတဲ့ ပေါ်လစီဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က စစ်အစိုးရကို နိုင်ငံတကာဇာတ်ခုံမှာ အမြဲတမ်း အကာအကွယ်ပေးနေလို့ ဖြစ်တယ်" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ နိုင်ငံခြားရေးရာ တာဝန်ခံ ဦးညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။
ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းကလည်း မြန်မာနိုင်ငံသည် ယခင်က ၀ယ်ယူခဲ့သော တရုတ်လုပ် ဂျက်တိုက်လေယာဉ်များ၊ စစ်သင်္ဘောများနှင့် အမြောက်လက်နက်ကြီးများ၏ အပိုစ္စည်းများ ပြတ်တောက်နေခြင်းသည်လည်း နီးကပ်သည့် ဆက်ဆံရေး ဖြစ်လာသည်ဟု ဆိုသည်။
သူက "အဲဒါတွေကြောင့် မြန်မာက တရုတ်ကို ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံလာပုံပေါ်တယ်" ဟု ပြောသည်။
တရုတ်-မြန်မာနယ်စပ်ရှိ အကဲခတ် ဦးအောင်ကျော်ဇောကလည်း နှစ်နိုင်ငံဆက်ဆံရေး ပိုကောင်းလာသည်ဟု ပြောဆိုပြီး၊ ဤသည်မှာ တရုတ်၏ စီးပွားရေး အကျိုးကြည့်ခြင်းနှင့် မြန်မာ၏ နိုင်ငံရေးအရ ထောက်ခံမှု ရှာဖွေလိုခြင်းတို့ ပေါင်းစုံရာမှ ဖြစ်လာသည်ဟု ဆိုသည်။
ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာမှုအတွက် နှစ်နိုင်ငံအနေဖြင့် စစ်ဘက်ရေးရာနှင့် နိုင်ငံတော်အဆင့် အလဲအလှယ်လုပ် တိုးမြှင့်လုပ်ဆောင်မည်ဟု တရုတ်ကိုယ်စားလှယ် ချန်ဘင်ဒီ၏ အပြောကို ကိုးကား၍ တရုတ်သတင်းများက ဖော်ပြကြသည်။
သို့သော်လည်း နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုလုပ်ရန်၊ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်း အသစ်များနှင့် ယခင်က ၀ယ်ယူပြီးသား ပစ္စည်းများ၏ အပိုပစ္စည်းများ ရောင်းချရန် နှစ်ဘက် စစ်အရာရှိကြီးများ သဘောတူခဲ့လိမ့်မည်ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူများက ယုံကြည်နေကြသည်။
၂၀၀၇ ခုနှစ် ဇန်န၀ါရီလက အမေရိကန်မှ အဆိုတင်သွင်းပြီး၊ ဗြိတိန်နှင့် ပြင်သစ်က ကျောထောက်နောက်ခံ ပေးခဲ့သော မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာသုံးခွင့်ရှိသော တရုတ်နှင့် ရုရှားက ပယ်ချခဲ့သည်။
ယခုလို ပယ်ချပြီးနောက်ပိုင်း နောက်ဆက်တွဲအဖြစ် မြန်မာစစ်အစိုးရက ကြေညာချက် ထုတ်ပြန်ရာတွင် ဘင်္ဂလားပင်လယ်ကွေ့ရှိ ကမ်းလွန်ပြင်မှ ထွက်သော သဘာဝဓာတ်ငွေ့ကို တရုတ်သို့ ရောင်းချမည်ဟူ၍ ဆိုသည်။
အလားတူ မြန်မာ့အနောက်ဘက်ဒေသ စစ်တွေဆိပ်ကမ်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းဖောက်လုပ်ခွင့်ကို မြန်မာက ခွင့်ပြုခဲ့သည်။ အဆိုပြုထားသော ပိုက်လိုင်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် အာဖရိကမှ တင်သွင်းသော ရေနံနှင့် သဘာဝဓာတ်ငွေ့များအတွက် အဓိက သယ်ယူရာ လမ်းကြောင်းကြီး ဖြစ်လာမည်။
မြန်မာစစ်အစိုးရသည် သဘာဝဓာတ်ငွေ့နှင့် စစ်လက်နက်ပစ္စည်း အလဲအလှယ်လုပ်ရန် ကြံရွယ်နေဖွယ်ရှိသည်ဟု ကိုအောင်သူငြိမ်းက ဆိုသည်။
သူက "ဓာတ်ငွေ့ရောင်းလို့ရတဲ့ ငွေကြေးတွေနဲ့ လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို ပြန်ဝယ်ဖို့ ပြင်ဆင်တာ ဖြစ်နိုင်တယ်" ဟု ပြောသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် ပျက်ကွက်သဖြင့် မြန်မာနိုင်ငံကို အမေရိကန်နှင့် ဥရောပနိုင်ငံများက စစ်လက်နက်ပစ္စည်းရောင်းချမှု ပိတ်ပင်ထားသော်လည်း စစ်အစိုးရ၏ အဓိက မိတ်ဆွေဖြစ်သော တရုတ်နိုင်ငံကမူ ဆက်လက်ရောင်းချနေခဲ့သည်။
မြန်မာနှင့် တရုတ် ပိုမိုနီးကပ်သည့် ဆက်ဆံရေးသို့ တိုးမြှင့်လာ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment