ကမ္ဘာ့ဖလားသီချင်း Waka Waka ဗီဒီယိုတွင် မြန်မာ အမျိုးသမီး တဦးလည်း ဤသို့ ပါဝင်ကပြသည် |
မြန်မာ အမျိုးသမီးငယ် ၂ ဦးက ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးမှ နိုင်ငံသား များနှင့်အတူ ပါဝင် သရုပ်ဆောင် ထားပြီး ကိုယ်ပိုင် ဘာသာ စကားဖြင့် "We're all Africa” ဟု ပြောကြားရာတွင် မြန်မာ အမျိုးသမီးငယ် တဦး၏ ပြောကြားချက် ကိုလည်း ထည့်သွင်း ထားခြင်း ဖြစ်သည်။
“အရမ်းကို စိတ်လှုပ်ရှား မိပါတယ်၊ အတွေ့အကြုံကောင်း တခုပါပဲ။ သုံးဘက်မြင် ရုပ်ကြွနဲ့ ကျမရဲ့ ပထမဆုံးသော ဗီဒီယို ပါဘဲ”ဟု Shakiraက ဆိုသည်။
ပါဝင် သရုပ်ဆောင်ကြ သူများကလည်း ယင်းရုပ်သံတွင် ပါဝင်ခွင့်ရသည့် အတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်း ပြောကြသည်။
တောင်အာဖရိက နိုင်ငံသား အဆိုတော်ဖြင့် ယင်းသီချင်းကို ဂုဏ်ယူစွာ သီဆိုချင်သော်လည်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) က လက်တင် အမေရိက အဆိုတော် Shakiraကို ရွေးချယ် ခဲ့သောကြောင့် တောင်အာဖရိက နိုင်ငံသား ဝေဖန်သူ အများစုက မကျေ မနပ် ဖြစ်လျက်ရှိသည်။
Waka Waka သီချင်း၏ သံပြိုင် သီဆိုရသည့် အပိုဒ်သည် ကင်မရွန်း နိုင်ငံ၏ စစ်ချီတေး သီချင်းကို ယူထား ကြောင်းလည်း FIFA ၏ အင်တာနက် စာမျက်နှာ ပေါ်တွင် ရေးသား ထားသည်။
Waka Waka ကို ထုတ်လွင့် ခဲ့သည့် အချိန်မှာ အနည်းငယ် နောက်ကျ သဖြင့် ကမ္ဘာ့ ဖလားကို စီစဉ် ဆောင်ရွက် ကြသူများနှင့် ကိုကာကိုလာ ကဲ့သို့သော စီးပွားရေး ကုမ္ပဏီများက အဆိုတော် Knaan ၏ Wavin' Flag သီချင်းဖြင့် ကုန်ပစ္စည်းများကို ကျယ်ကျယ် ပြန့်ပြန့် ကြော်ငြာခဲ့ကြသည်။
သို့သော်လည်း Wavin' Flag သီချင်းမှာ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲအတွက် တရားဝင် သီချင်းဖြစ်မလာခဲ့ချေ။
“Waka Wakaမှာ အာဖရိကကို ပြတဲ့ အချိန်ကျတော့ အ၀တ်မပါတဲ့ လူရိုင်းတွေကို ပြပြီး ဥရောပတိုက်ကို ပြတဲ့ အခါကျတော့ ကျကျနန ၀တ်စား ထားတဲ့သူတွေကို ပြထားတော့ ဒီသီချင်းက လူသားအချင်းချင်း နည်းနည်း ခွဲခြားထားသလိုပဲ။ ဒါကြောင့် ကျနော် ကတော့ Knaanရဲ့Wavin' Flag သီချင်းကို ပိုကြိုက်တယ်” ဟု ယင်းသီချင်းကို ကြည့်ရှုခဲ့သူ မြန်မာကျောင်းသား တဦးက ဆိုသည်။
ပရိသတ်တချို့က အာဖရိကနှင့် ပိုမိုနီးစပ်သည့် Wavin' Flag တေးသီချင်းကို ပိုမိုကြိုက်နှစ်သက်ကြသော်လည်း ယင်းသီချင်းမှာ နိုင်ငံရေး သီချင်းဆန်ကြောင်း၊ Waka Wakaကို သီဆိုရသည်မှာ လွယ်ကူပြီး ပျော်ပျော်ရွှင်ရွှင် သီဆိုနိုင်ကြောင်း ဝေဖန်သူ တချို့က ပြောသည်။
လာမည့် သောကြာနေ့တွင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့ အော်လန်ဒို ဘောလုံးကွင်းတွင် ကျင်းပမည့် ကမ္ဘာ့ ဖလား ဖွင့်ပွဲ အခမ်းအနား၌ သီဆိုဖြေဖျော်မည့် Shakira ၏ အစီအစဉ်ကို ကြည့်ရှုရန် သန်းပေါင်းများစွာသော လူများတို့ စောင့်မျှော်လျက် ရှိကြသည်။
လူပေါင်း ၄၀၀၀၀ ခန့်ဆန့်သော အဆိုပါ ဘောလုံးကွင်း အတွက် လက်မှတ်များမှာ ရောင်းချပြီးပြီဖြစ်သည်။
၁၉၉၈ ခုနှစ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အဆိုတော် ရစ်ကီမာတင်၏ “La Copa de la Vida” သီချင်းသည် မြန်မာ ပရိသတ်များ အကြား လူကြိုက်များခဲ့သည်။
source by : ဧရာဝတီ







