နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို မူအရ လက်ခံထားသော ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA တပ်ဖွဲ့က လက်တွေ့ တွင်မူ သဘောမတူပဲ ငြင်းဆန်နေသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့တွင် နအဖနှင့် ၀တပ်ဖွဲ့ ကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးကြစဉ် ၀တပ်ဖွဲ့ဘက်မှ ထပ်မံငြင်းဆိုထားကြောင်း ၎င်း အဖွဲ့နှင့်နီးစပ်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။
နအဖဘက်မှ စစ်ဘက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ကာကွယ်ရေးနှင့်စစ်ဆင်ရေးအထူးအဖွဲ့မှူး မင်းအောင်လှိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး စစ်ဗျူဟာမှူးနှင့် ၀ တပ်ဖွဲ့ဘက်မှ ဒုဥက္ကဌ ရှောက်မီလျှံ ဒု စစ်ဦးစီးချုပ်နိုင်ငံခြား ဆက်ဆံရေးဌာနမှူးတို့ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA တပ်ဖွဲ့
ထိုဆွေးနွေးပွဲတွင် နအဖကိုယ်စားလှယ်များဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ၀တပ်ဖွဲ့မှတင်ပြထား သော အချက်များကို ပယ်ချလိုက်သည်။
၎င်း အပြင် ချွင်းချက်မရှိ လက်ခံရေးနှင့် ဒီဇင်ဘာလအတွင်းအကြောင်း ပြန်ကြားရန် ရက်သတ်မှတ်လိုက်ကြောင်း တရုတ်နယ်စပ်မှ စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
ဝတပ်ဖွဲ့မှ ၀ပြည်နယ်သတ်မှတ်ပေးရန် ၊ အစိုးရ လက်အောက်ခံ မဟုတ်ပဲ အထူး လက္ခဏာဆောင်သော ဆက်ဆံရေး ထားရှိရန် ၊ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအား မူအားဖြင့် လက်ခံပြီး ၎င်းတို့တပ်အား ၎င်းတို့ကိုယ်တိုင် အုပ်ချုပ်ရန် စသည့် အခြေခံ အချက်များအား အစောပိုင်းကတည်းက တောင်းဆိုခဲ့ကြောင်း သူက ဆိုသည်။
“အခြေခံအားဖြင့်တော့ ဖွဲ့စည်းပုံကိုပြန်လည်ပြင်ဆင်ရေးပဲ အခြေခံအချက်တွေကတော့ ၃ ချက်လောက်ပါပဲ အဲဒါ
ကိုရဲမြင့်က ပြတ်ပြတ်သားသား ပြောလိုက်တာ ဖွဲ့စည်းပုံကို မပြင်နိုင်ဘူးပေါ့ မပြင်နိုင်တော့ အဲဒါတွေမဖြစ်နိုင်ဘူးပေါ့ အဲဓိကကျတာတော့ ဒီဇင်ဘာလထဲမှာ အဖြေပေးဖို့ ပြောတယ်” လို့ သူက ပြောသည်။
ဝတပ်ဖွဲ့ပိုင် လက်နက်စက်ရုံပိတ်ပစ်ရန် မူးယစ်ဆေးဝါးမလုပ်ရန် စစ်သားသစ်စုဆောင်းရေးမလုပ်ရန်တို့ လည်း သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။
နယ်ခြားစောင့်အရေးတွင် တင်းခံနေသည့် ငြိမ်းချမ်းရေးတပ်ဖွဲ့များနှင့် နှစ်ဘက်ဆက်ဆံရေး အဆင်ပြေ ချောမွေ့ မှုမရှိပဲ တင်းလျှင်တင်းသလောက် နအဖဘက်မှ အလျှော့ပေး နေရကြောင်း အခြေအနေတွင်ရှိခဲ့သည်။
“ငြိမ်းအဖွဲ့တွေက တင်းရင်တင်းသလောက် နအဖက အလျှော့ပေးခဲ့ရတာပဲ ၈ လ ၊ ၁၀ လ ၊ အခု ဒီဇင်ဘာလအထိ သူရွေ့ပေးခဲ့ရတာပဲ အခုတော့ အချိန်သိပ်များများစားစားတော့ မကျန်တော့ဘူး ” လို့ ပြော သည်။
မူအရအလျှော့မပေးလိုသော နအဖက ငြိမ်းအဖွဲ့များ အတွင်းပိုင်း ချိနဲ့သွားစေရန် အချိန်များစွာပေး၍ အခွင့် ကောင်း စောင့်လျှက်ရှိသလို ငြိမ်းအဖွဲ့များကလည်း မူအရ ရသမျှ အခွင့်အရေးကိုယူမည်ဆိုကာ တောင်းဆိုနေခြင်း ဖြစ်ကြောင်း သုံးသပ်သူများက ဆိုသည်။
နအဖဘက်မှ ရပ်ခံထားသော မူအရ အလျှော့မပေးသမျှ လက်တွေ့တွင် နှစ်ဘက်ပြေလည်နိုင်ရေးမှာ အလှမ်းဝေးနေအုံး မည်သာ ဖြစ်ကြောင်း ဆိုကြသည်။

source by : သျှမ်းသံတော်ဆင့်

0 comments:
Post a Comment