သံဃာတော်များ ဆက်လက် ဖိနှိပ်ခံနေရ

Saturday, November 28, 2009 ·

ဧရာဝတီ | သံဃာများ ဦးဆောင်သော ၂၀၀၇ခုနှစ် ဆန္ဒပြမှုများကို လက်တုံ့ပြန်သည့် အနေဖြင့် စစ်အစိုးရက ရဟန်းသံဃာများကို ဆက်လက် ဖိနှိပ်လျက် ရှိသည်။ စစ်အစိုးရသည် တရားပွဲများကို ပိတ်ပင်ခြင်း ၊ ခရီးသွားလာမှုများအပေါ် ကန့်သတ်ခြင်း စသည့် နည်းလမ်းများဖြင့် သံဃာများကို ဆက်လက် ဖိအားပေးနေသည်။


၂၀၀၇ ခုနှစ်က ရန်ကုန်မြို့မှ ဆန္ဒပြ သံဃာများကို အာဏာပိုင်တို့ ချေမှုန်းခြင်း မပြုမီ တွေ့ရသည့် မြင်ကွင်းတခု
သံဃာတို့၏ မိသားစုဝင်များလည်း ဖိအားပေးခံနေရသည်ဟု ပြည်ပရောက် သံဃာတပါးက ဧရာဝတီသို့ မိန့်ကြားသည်။

“ဦးပဉ္ဇင်းမိဘတွေက မြို့နယ် အာဏာပိုင်တွေ ဆီကို လစဉ် သွားပြီး လက်မှတ် ထိုးရတယ်၊ ပြီးတော့ ဦးပဉ္ဇင်း ဆက်သွယ် တာနဲ့ သူတို့ ဆီကို အကြောင်းကြား ရမယ်လို့လည်း အမိန့် ပေးတယ်။ ဦးပဉ္ဇင်းမိဘတွေကို အလုပ် ထုတ်ပစ်ဖို့ အလုပ်ရှင် ကိုလည်း ဖိအား ပေးခဲ့သေးတယ်” ဟု အိန္ဒိယ အခြေစိုက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ ကိုယ်စားလှယ် အဖွဲ့ (ABMRC) အတွင်းရေးမှူး ဖြစ်သူ အရှင် ထာဝရက ဧရာဝတီသို့ ပြောပြသည်။

သက်တော် ၂၆ နှစ်ရှိ အရှင် ထာဝရသည် ဆန္ဒပြပွဲများ အတွင်း ဦးဆောင် လှုပ်ရှားခဲ့ပြီး ABMRC ကို စတင် တည်ထောင်ခဲ့သည့် သံဃာ တပါးဖြစ်သည်။

“၂၀၀၈ ဖေဖော်ဝါရီမှာ အာဏာပိုင်တွေက ဦးပဉ္ဇင်း ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို သိမ်းသွားခဲ့တယ်၊ အဲဒီကတည်းက ဦးပဉ္ဇင်း သီတင်းသုံးတဲ့ ရန်ကုန်၊ သင်္ဃန်းကျွန်း ဇေယျသိဒ္ဓကျာင်းက သံဃာတော်တွေကို ကျောင်းကနေ ထွက်သွားဖို့ ဖိအားပေးခဲ့တာ အခုဆိုရင် ကျောင်းမှာ ဘုန်းကြီးအိုကြီး တပါးပဲ ကျန်တော့တယ်” ဟု အရှင် ထာဝရက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့၌ စစ်အစိုးရက ဆန္ဒပြသူများကို နှိမ်နင်းသဖြင့် သံဃာ အများအပြားသည် ဖမ်းဆီးခံရမှုမှ လွတ်မြောက်နိုင်ရေးအတွက် ၎င်းတို့ သီတင်းသုံးရာ ကျောင်းတိုက်များမှ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ နိုင်ငံမှ စွန့်ခွာခဲ့ရသည့် သံဃာများလည်း အများအပြား ရှိသည်။

တရားဝင် ထုတ်ပြန်ထားသော အချက်အလက်များအရ မြန်မာနိုင်ငံတွင် သံဃာ အရေအတွက် လေးသိန်းကျော် ရှိကြောင်း သိရသည်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများစု နေထိုင်သည့် မြန်မာပြည်တွင် သံဃာများသည် ယုံကြည်ကိုးစားမှု အခံရဆုံး ပုဂ္ဂိုလ်များ ဖြစ်သည်။

မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး (ABMA) ကို စတင် တည်ထောင် ရာတွင် ပါဝင်ခဲ့သည့် အရှင် ဣဿရိယ က “စစ်အစိုးရက သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာကို ဖိနှိပ် စော်ကားနေတုန်းပဲ။ အခု လက်ရှိ သံဃာ အပါး ၂၅၀ ကျော်၊ သီလရှင် အပါး ၂၀ အဖမ်းခံထားရတယ်” ဟု ဆိုသည်။

သာသနာရေး ၀န်ကြီး ဌာနသည် သံဃာ့ မဟာနာယက အဖွဲ့မှတဆင့် သံဃာများကို ထိန်းချုပ်ထားသည်။ သံဃာများ ခရီးသွားလာခြင်း၊ တရား ဓမ္မ ဟောကြားခြင်း တို့နှင့် ပတ်သက်ပြီး ကန့်သတ်သည့် အမိန့်များကိုလည်း ထုတ်ပြန် ထားသည်။

ရန်ကုန်မြို့ရှိ ရွှေည၀ါ ဗုဒ္ဓတက္ကသိုလ် ဋ္ဌာနမှူး အပါအ၀င် သံဃာတချို့သည် တရားဟောကြားခြင်း မပြုရန် တားမြစ်ခံထားရကြောင်း သိရသည်။

“ရွှေည၀ါဆရာတော်က သူ့ရဲ့ ‘တကယ့် လွတ်လပ်ရေး’ နဲ့ ‘မတရားမလုပ်ကြပါနဲ့’ အခွေတွေကြောင့် မနှစ် ကတည်းက ရန်ကုန်မှာ တရားပွဲတွေ အပိတ်ခံထားရတာ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက လှည်းတန်းနဲ့ ကြည့်မြင်တိုင်မှာ လပြည့်နေ့ တရားပွဲတွေ လုပ်တော့လည်း ဆရာတော်ဟောဖို့ အပိတ်ခံရသေးတယ်” ဟု ရွှေည၀ါ၌ ပညာသင်ယူခဲ့သည့် ရဟန်းတော်တပါးက ဧရာဝတီသို့ ပြောပြခဲ့သည်။

သာသနာရေးဝန်ကြီးဌာနက သံဃာများ ပြည်ပခရီးသွားရောက်နိုင်ရေး အတွက် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးမှုကို ရပ်ဆိုင်းထားကြောင်းလည်း သိရသည်။

“အခုဆိုရင် အာဏာပိုင်တွေက သံဃာတော်တွေကို အနီးကပ် စောင့်ကြည့်နေကြတယ်၊ ပြီးတော့ ဗီဇာနဲ့ စကောလားရှစ်တွေ ရဖို့လည်း သိပ်ကိုခက်နေတယ်” ဟု ရန်ကုန်တွင် သီတင်းသုံးသည့် အရှင်ပညာသာမိက ဆိုသည်။ သူ၏ မိတ်ဆွေများကိုလည်း အာဏာပိုင်တို့က ဖိအားပေးနေသည်ဟု သိရသည်။

“ဆန္ဒပြပွဲတွေတုန်းက ပါခဲ့တဲ့ ဦးပဉ္ဇင်းရဲ့ မိတ်ဆွေတချို့ ဆိုရင် ဦးပဉ္ဇင်းနဲ့ ခပ်ခွာခွာနေကြပြီးတော့ အခုဆို လူဝတ်လဲသွားကြပြီ၊ ဒေါပုံက ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ဦးပဉ္ဇင်း ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးလည်း အသိမ်းခံရတယ်” ဟု ၂၀၀၇ ဆန္ဒပြပွဲများအတွင်း ဦးဆောင်ပါဝင်ခဲ့သူ အရှင် နေမိန္ဒက မိန့်ကြားသည်။

မန္တလေးတိုင်းမှ ကျောင်းထိုင် ဆရာတော် တပါးက “အရပ်ဝတ်နဲ့ လုံခြုံရေး အရာရှိတွေက တချို့ သံဃာတော်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို အနီးကပ် စောင့်ကြည့်နေကြတာ” ဟု ဧရာဝတီသို့ ပြောဆို ခဲ့သည်။

မန္တလေးတိုင်း အတွင်း သံဃာတော်များနှင့် အဆက်အသွယ် ရှိသည့် လူငယ်လေးဦး စက်တင်ဘာလတွင် အထိန်းသိမ်းခံ ခဲ့ရကြောင်း မန္တလေးရှိ ကျောင်းထိုင် ဆရာတော် တပါးထံမှ သိရသည်။

“သူတို့မိသားစုနဲ့ ဆွေမျိုးတွေ ကတော့ သူတို့ အခုဘယ်မှာ ရှိနေသလဲဆိုတာ မသိကြဘူး” ဟု အဆိုပါ ကျောင်းထိုင် ဆရာတော်က မိန့်သည်။

အာဏာပိုင်များသည် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ဦးအိန္ဒကကို ဖမ်းဆီးခဲ့ပြီးနောက် ၎င်း၏ ကျောင်းတိုက် ဖြစ်သည့် ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်း မြို့နယ်ရှိ မဂ္ဂင် စာသင်တိုက်ကို ပိတ်ပစ်ခဲ့ကြသည်။ ထိုစဉ်က အာဏာပိုင်တို့သည် စာသင်တိုက် အတွင်းရှိ သံဃာများ၊ သီလရှင်များ၊ ဆေးကုသမှု ခံယူနေကြသော အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင် အများအပြားကို အတင်းအကျပ် မောင်းထုတ်ခဲ့သည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ABMA အဖွဲ့ကြီးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရဟန်း သံဃာများ နှင့် ဗုဒ္ဓဘာသာ အပေါ် စော်ကားမှုများ အတွက် ၀န်ချ တောင်းပန်ရန် ပျက်ကွက်ခဲ့သဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ကြေညာ ခဲ့သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */